ပါမောက္ခဆရာဝန်မကြီးအား ရဲဒင်းဖြင့်ခုတ်ပြီး ဆွဲကြိုးအားလုယက်သွားသူကို အမှုဖွင့်စုံစမ်းနေ

0
166

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ပါမောက္ခဆရာဝန်မကြီးဒေါ်စန်းစန်းလှိုင်(၅၉)နှစ်အား သေနတ်အတုပြကာ ရဲဒင်းဖြင့်ခုတ်၍ ဝတ်ဆင်ထားသည့် ဆွဲကြိုးအားလုယက်ယူဆောင်သွားသူကို အမှတ်(၃)နယ်မြေရဲစခန်းက အမှုဖွင့်စုံစမ်းလျက်ရှိသည်။

ယမန်နေ့နံနက် ၆ နာရီခွဲခန့်က အမည်/အသက်/နေရပ်လိပ်စာ(စုံစမ်းဆဲ)အမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၄(A)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဆေးတက္ကသိုလ်(မန္တလေး)၊ရောဂါဗေဒဌာနမှ ဌာနမှူး ပါမောက္ခဆရာဝန်မကြီးဒေါ်စန်းစန်းလှိုင်၏ နေအိမ်ထဲသို့ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ပါမောက္ခဆရာဝန်မကြီးဒေါ်စန်းစန်းလှိုင်အား ကော်သေနတ်ပြသ၍ ဝတ်ဆင်ထားသည့် ပလပ်တီနမ်ဆွဲကြိုးအားဖြုတ်ခိုင်းခဲ့ရာ ဒေါ်စန်းစန်းလှိုင်မှပြန်လည်ခုခံခဲ့သဖြင့် ရဲဒင်းဖြင့်ခုတ်၍ နေအိမ်အနောက်ဘက်ခြံစည်းရိုးအားကျော်တက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဆရာဝန်မကြီးက စျေးသွားဖို့အတွက် ခြံတံခါးနဲ့အိမ်တံခါးကိုဖွင့်ထားပြီး မီးဖိုခန်းထဲမှာစျေးခြင်းထောင်းဝင်ယူတုန်း လုယက်တဲ့လူကဝင်လာတာ ဆရာဝန်မကြီးကပြန်ခုခံတော့ အရိုးအသွား ၁၂ လက်မလောက်ရှိတဲ့ ရဲဒင်းနဲ့ဆရာဝန်မကြီးကိုခုတ်ခဲ့တဲ့အတွက် ဘယ်ဘက်ချိုစောင်းမှာ ပြတ်ရှဒဏ်ရာ ၂ ချက်ရသွားတယ် မစိုးရိမ်ရပါဘူး အခု မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ် ဆရာဝန်မကြီးဝတ်ထားတဲ့ လော့ကတ်သီးပါတဲ့ ပလက်တီနမ်ဆွဲကြိုးကလုယက်သွားတဲ့လူနဲ့အတူပါသွားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၂၅၀/ ၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here