မြန်မာနိုင်ငံ၏ GDP မှာ နိုင်ငံ၏ရေမြေသဘာဝတူညီသည့် ဒေသတွင်းနိုင်ငံများ၏ GDP နှင့်များစွာကွာခြားလျက်ရှိ၍ ဂျီဒီပီတိုးတက်ရန် လုပ်ငန်းများအလိုက်အောင်မြင်အောင်ဆောင်ရွက်ရမည်

0
315

စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ၂ချက်၊ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးနှင့်ပတ်သက်သည့်အပိုင်း ၃ပိုင်း

မြန်မာနိုင်ငံ၏ GDPနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဇူလိုင် ၁၅ ရက် နေ့လည် ၁ နာရီခွဲက နေပြည်တော်၌ကျင်းပသည့် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရန်ဆောင်ရွက်ခဲ့ကာ ကုန်သွယ်မှုလုပ်ငန်းများတိုးတက်ရန် ထုတ်ကုန်များတင်ပို့ခြင်းနှင့်မြေပေါ်မြေအောက်သယံဇာတပစ္စည်းများတင်ပို့ရောင်းချခြင်းများရှိခဲ့သော်လည်း မြေပေါ်မြေအောက်သဘာဝသယံဇာတများထုတ်လုပ်ခြင်းကိုနိုင်ငံ၏ ရေရှည်အကျိုးစီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်းပြောသည်။

“မြန်မာနိုင်ငံရဲ့ GDP က မိမိတို့နိုင်ငံနဲ့ရေမြေသဘာဝတူညီတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ GDP နဲ့နှိုင်းယှဥ်ရင် များစွာကွာခြားနေပါတယ် ဒါ့ကြောင့် GDP တိုးတက်ဖို့ လုပ်ငန်းဆောင်ရွက်နေသူတွေအားလုံးက လုပ်ငန်းများအလိုက်အောင်မြင်အောင်ဆောင်ရွက်လိုစိတ်ရှိရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သီးနှံအထွက်နှုန်းကိုပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ခြင်းနှင့်စွမ်းအားပြည့်စိုက်ပျိုးခြင်းဆိုသည့် အချက် ၂ ချက်ကိုအလေးထားဆောင်ရွက်ရမည်ဟု ဆိုသည်။

စွမ်းအားပြည့်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေအားလုံး သီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချနိုင်ခြင်း၊သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊အလုပ်အကိုင်ဖန်တီးနိုင်စွမ်းတိုးတက်ခြင်း၊ပြည်တွင်းဖူလုံမှုရှိခြင်းနှင့်ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်းတို့ကိုဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်လာမည်ဟု ဆိုသည်။

ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်မည် ပြည်တွင်းမှထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

“ကုန်ထုတ်လုပ်မှုမြှင့်တင်ဖို့ဆောင်ရွက်ရာမှာ ပြည်တွင်းသုံးစွဲမှု၊စားသုံးမှုဖူလုံဖို့ ပိုလျှံအောင်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်တိုးမြှင့်ဖို့နဲ့ပြည်ပသွင်းကုန်တွေကို အစားထိုးထုတ်လုပ်နိုင်ဖို့ဆိုတဲ့ အပိုင်း ၃ ပိုင်းခွဲခြားဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်တွင်း၌ ပြည်သူအများစုနေ့စဉ်သုံးစွဲစားသုံးနေသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ကာ အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်ရမည်စသည်တို့ ပါဝင်သော စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ၂ချက်၊ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအပိုင်း ၃ပိုင်းတို့ကို နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here