ပို့ကုန်များတိုးမြင့်တင်ပို့နိုင်ရေးအသင်းအဖွဲ့များနှင့်ဝန်ကြီးဌာနတို့ညှိနှိုင်းဆွေးနွေး

0
263

ကုန်ပစ္စည်းများတင်ပို့ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာ တင်ပို့၊ တင်သွင်းနိုင်ရန်အတွက် ဖြေလျှော့ပေးနိုင်သမျှ ဖြေလျှော့၍ ဆောင်ရွက်ပေးနေပြီး စက်မှုဇုန်များတွင်လည်း စက်သုံးဆီ လုံလောက်စွာ ရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ကပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ လက်တွေ့မြေပြင်တွင်အမှန်တကယ်အခက်အခဲဖြစ်ပေါ်နေသောကိစ္စရပ်များအတွက်ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ပို့ကုန်များများတင်ပို့ပြီးလိုအပ်သောသွင်းကုန်ကုန်ကြမ်းပစ္စည်းများတင်သွင်းကုန်ချောထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်သွားရန်အတွက် ဖြေလျှော့ပေးနိုင်သမျှ ဖြေလျှော့၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုဇုန်များတွင်လည်း စက်သုံးဆီ လုံလောက်စွာ ရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် ပုဂ္ဂလိကကဏ္ဍမှလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃) ရပ်ကို အသင်းချုပ်တွင်ကျင်းပဆောင်ရွက်ခဲ့ပြီး ဖော်ထုတ်ချက် (၄၁) ချက်ရှိကြောင်း၊ AD Bank များ Export, Import နှင့်သက်ဆိုင်သည့် ဗဟိုဘဏ်မှ ညွှန်ကြားချက်အပေါ် ရှင်းလင်းစွာ နားလည်သဘောပေါက်စေရေး Awareness Workshop တစ်ခုကိုလည်း အသင်းချုပ်၌ပင်ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးဖော်ထုတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြခဲ့ရာ လယ်ယာထွက်ကုန်သီးနှံကဏ္ဍ၊ ဝါ၊ CMP နှင့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းကဏ္ဍတို့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တို့မှ တာဝန်ရှိသူများက လတ်တလောမြေပြင်တွင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုအခက်အခဲများကို မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here