ဘဏ္ဍာငွေ အလွဲသုံးစားမှုများ ဖြစ်ပေါ်ပါက တာဝန်ရှိသူအဆင့်ဆင့်အား ထိရောက်စွာ အရေးယူသွားမည်ဟုဆို

0
162

နိုင်ငံတော်ဘဏ္ဍာငွေများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အလွဲသုံးစားမှုများ ပေါ်ပေါက်ပါက တာဝန်ရှိသူအဆင့်ဆင့်အား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားသည်။

ဇူလိုင် (၁၅) ရက်နံနက်ပိုင်းက မန္တလေးတိုင်းအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဘဏ္ဍာ‌ငွေ အလွဲသုံးစားမှုများ မဖြစ်စေရန်၊မြို့နယ်အသီးသီးရှိ ငွေစာရင်းများအား စစ်‌ဆေးနိုင်ရန် ဝန်ကြီးဌာနမှ စုဖွဲ့စေလွှတ်သည့် အဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ဝန်ထမ်းတွေ အနေနဲ့ ငွေလက်ခံနေတဲ့ ဓာတ်အားခတွေဟာ နိုင်ငံတော်ရဲ့ ရန်ပုံငွေတွေဖြစ်လို့ စနစ်တကျထိန်းသိမ်းဆောင်ရွက်ဖို့လိုပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းတွေအတိုင်းလိုက်နာဆောင်ရွက်ကြဖို့လည်းလိုပါတယ်။ တာဝန်ရှိသူတွေကလည်း အဆင့်ဆင့်က အမြဲမပြတ်စစ်ဆေးကြပ်မတ်ရပါမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မှာကြားသည်။

ထို့အပြင် ခရိုင်အဆင့်များသည် မြို့နယ်များနှင့် အနီးကပ်ဆုံးတွင်ရှိ၍ စနစ်တကျ စစ်ဆေးကြပ်မတ်ပေးရမည်ဖြစ်ပြီး ဘဏ္ဍာငွေအလွဲသုံးစားမှုများဖြစ်ပေါ်ပါက တာဝန်ရှိသူအဆင့်ဆင့်အား ထိရောက်စွာ အရေးယူသွားမည်ဟု ပြောသည်။

လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကာ မြို့နယ်အလိုက် မီးသုံးစွဲသူများမှ သုံးစွဲမှုအလိုက် မီတာအမျိုးအစားများကိုလည်း ခွဲခြားမှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း စိစစ်ခြိုးခြံချွေတာသုံးစွဲရမည်ဟုလည်း မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ မန္တလေးတိုင်းအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများအား မန္တလေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများမဖြစ်ပေါ်စေရေးတို့အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here