ရွှေဘိုမြို့မစျေးအတွင်း၌ မိနစ်ပိုင်းသာခြား၍ လက်လုပ်မိုင်း (၂) လုံးပေါက် ကိုရင်နှင့် ကလေးငယ် (၁) ဦးအပါအဝင် (၁၁) ဦးဒဏ်ရာရ

0
187

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘိုမြို့မစျေးအတွင်းရှိ ငါးအရောင်းတန်းအနီးတွင် ယနေ့ ဇူလိုင် (၁၆) ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ လက်လုပ်မိုင်း (၂) လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် (၇) နာရီကျော်ခန့်က ရွှေဘိုမြို့မစျေးအတွင်းရှိ ငါးအရောင်းတန်းနေရာ၌ မိနစ်ပိုင်းသာခြား၍ လက်လုပ်မိုင်း (၂) လုံးပေါက်ကွဲခဲ့သဖြင့် ဆွမ်းခံကြွလာသည့် ကိုရင်တစ်ပါး၊ မိခင်ဖြစ်သူနှင့်အတူ စျေးဝယ်လာသည့် ကလေးငယ်တစ်ဦး၊ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ပိတ်ရက်ဖြစ်တာကြောင့် ဒီနေ့စျေးရောင်းစျေးဝယ်များတယ်။ အခင်းဖြစ်တဲ့ အချိန်ကလည်း လူအရမ်းစည်တဲ့အချိန်ပါ။ ပေါက်ကွဲမှုဖြစ်ပြီး အခုဒဏ်ရာရတဲ့လူတွေက ပထမ တစ်လုံးပေါက်တဲ့အချိန်မှာ ဒဏ်ရာရသွားခဲ့ကြတာပါ။ အဲဒီတစ်လုံးပေါက်ပြီး လူတွေပြေးကြလွှားကြတာရယ် ၊ ပေါက်ကွဲသွားတဲ့ နေရာနားမှာ လူတွေသိပ်မရှိတော့တာရယ်ကြောင့် ဒုတိယ တစ်လုံးပေါက်တော့ ထပ်ပြီးထိခိုက်မိသူမရှိခဲ့ပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာ ရသူများအား ရွှေဘိုမြို့အခြေစိုက်လူမှုကူညီရေး အသင်းဝင်များက ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ရွှေဘိုမြို့မစျေးအတွင်းသို့ လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုံစာ – ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေဘိုမြို့မစျေး (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here