ယူကရိန်းသာ အသုံးပြုလာပါက ရုရှားလည်း Cluster ဗုံးများဖြင့် တန်ပြန် တိုက်ခိုက်သွားမည်ဟု ပူတင် ပြော

0
270

ရုရှားသမ္မတ ပူတင်သည် ကိယက်ဗ်သာ နိုင်ငံတကာက တားမြစ်ထားသော cluster ဗုံးများကို အသုံးပြုလာပါက လက်တုန့်ပြန်ရန်အတွက် ၎င်းနိုင်ငံ၌လည်း အလားတူဗုံးများ လုံလောက်စွာ သိုလှောင်ထားကြောင်း ပြောကြားလာခဲ့သည်။

ဘိုင်ဒင်အစိုးရသည် ပြီးခဲ့သည့်အပတ်တွင် cluster ဗုံးများကို ယူကရိန်းသို့ ပို့ပေးရန်အတွက် အတည်ပြုခဲ့သည်။ ပင်တဂွန်ကလည်း ၎င်းတို့ ပံ့ပိုးပေးထားသော အဆိုပါ ဗုံးများသည် ယူကရိန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ပြောလာခဲ့သည်။

“ရုရှားမှာ cluster ဗုံး အမျိုးအစား မျိုးစုံ အလုံအလောက် ရှိပါတယ်။ သူတို့ဘက်ကသာ တိုက်ပွဲမှာ တကယ်သုံးလာခဲ့ရင် ကျွန်တော်တို့မှာလည်း တန်ပြန် အသုံးပြုဖို့ အခွင့်အရေး ရှိပါတယ်” ပူတင်က ဇူလိုင်လ ၁၆ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သော သတင်းထောက်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

Cluster ဗုံး အသုံးပြုခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို တားမြစ်သည့် သဘောတူစာချုပ်ကို ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံက လက်မှတ်ရေးထိုးထားသည်။ အမေရိက၊ ရုရှား၊ တရုတ်နှင့် ဘရာဇီးကမူ ယခုအချိန်ထိ ပါဝင် လက်မှတ်မထိုးရသေးပေ။

Cluster ဗုံးသည် ပစ်လွှတ်လိုက်သည့်အခါ ၎င်းထဲရှိ ဗုံးသီးအများအပြားကို ထုတ်လွှတ်ပေးခြင်းဖြင့် နေရာအကျယ်ကြီးသို ပြန့်သွားကာ တွေ့ရာမြင်ရာလူမရွေးကို သေဆုံးစေသည်။ ထိုပြင် ပေါက်ကွဲမသွားသော ဗုံးသီးများသည် စစ်ပွဲလွန်ကာလ၌ မြေမြှုပ်မိုင်းများကဲ့သို့ ပြည်သူများအား အန္တရာယ်ပေးနိုင်သောကြောင့် ကမ္ဘာတစ်ဝန်း ပိတ်ပင်ထားရခြင်းဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here