ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးကို တစ်ပိဿာ ၄၀၀၀ ကျပ်အဖြစ် သတ်မှတ်

0
126

စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးကို အပတ်စဉ် သတ်မှတ်ပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ရည်ညွှန်းဈေးကို တစ်ပိဿာ (၄၀၀၀) ကျပ်အဖြစ် သတ်မှတ်ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယခုတစ်ပတ်အတွက် ထုတ်ပြန်ထားသည့် လက်ကားရည်ညွှန်းဈေးမှာ ယခင်တစ်ပတ်ကထက် ၁၄၀ ကျပ်ခန့် ကျဆင်းခဲ့သော်လည်း ပြင်ပဈေးကွက်အတွင်းရှိ စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်နေဆဲဖြစ်သည်။

လက်ရှိ ပြင်းပဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်အထိ စျေးမြင့်တက်လျက်ရှိနေပြီး ပြည်တွင်း နိုင်ငံခြားငွေဈေး မတည်ငြိမ်မှုသည် ဆီဈေးနှုန်း မြင့်တက်ရန် အကြောင်းအရင်းတစ်ခုအဖြစ် ရှိနေကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရခြင်းလည်းဖြစ်သည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကောမတီအနေဖြင့် ပြည်တွင်း စားအုန်းဆီဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်များ ဖြစ်ပေါ်စေရေးအတွက် ထိန်းညှိသည့်အနေဖြင့် အပတ်စဉ်ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ပေးနေခြင်းဖြစ်သည်။

ယင်းသို့သတ်မှတ်ရာတွင်လည်း စားအုန်းဆီအဓိကတင်သွင်းသည့် အင်ဒိုးနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ၊ ဘဏ်စရိတ်နှင့် အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်း၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here