လျှပ်စစ်သုံး EV ကား အစီး (၄၀) ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

0
257

ကုမ္ပဏီ (၂) ခုမှ တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၄၀) သည် ဇူလိုင်လ ၁၇ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။

Grand Sirius Co.,Ltd. မှတင်သွင်းလာသည့် Neta U အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၂၀) နှင့် Asia Pacific Automaker Corporation Co.,Ltd. မှ တင်သွင်းလာသော Seres 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၂၀)၊ စုစုပေါင်း အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဥ်များအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ဇွန်လအထိ ပြည်တွင်း၌ ကညန မှတ်ပုံတင်ပြီး လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ ၃၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဇွန်လနောက်ဆုံးပတ်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော “ပြည်နယ်နှင့်တိုင်းခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်း” အရ သိရသည်။

အဆိုပါ စာရင်းအရ လျှပ်စစ်သုံး မော်တော်ယာဉ် (လူစီး) ၄၆၇ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် (၂) စီး၊ နှစ်ဘီးတပ် ၂၄၇၄ စီး၊ သုံးဘီးတပ် ၂၆၃ စီး၊ စုစုပေါင်း ၃၂၀၆ စီးရှိပြီဖြစ်ကြောင်း နှင့် လူစီးယာဉ်တွင် ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် ၁၅ ဦးအထက် မိုက္ကရိုဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ Double Cab ယာဉ်များ ပါဝင်ပြီး ကုန်တင်ဝန်ပေါ့ယာဉ်တွင် ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား (၃) တန်နှင့် (၃)တန်အောက် ဗင်န်၊ ထရပ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

နှစ်ဘီးတပ်ယာဉ်တွင် စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်များ ပါဝင်ပြီး သုံးဘီးတပ်ယာဉ်တွင် သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here