လဝက ပြည်​ထောင်စုဝန်ကြီး နှင့် UNHCR ဌာနေကိုယ်စားလှယ် တို့​တွေ့ဆုံဆွေးနွေး

0
140

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုအား အပြုသဘောဆောင် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် UNHCR နှင့် လဝက ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi တို့ ဇူလိုင်လ (၁၇) ရက်က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား MoU သက်တမ်းကျော်လွန်မှုနှင့် MoU အသစ်ရေးထိုးရန် နှစ်ဦးနှစ်ဖက် စောင့်ထိန်းရမည့် တာဝန်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထပ်မံချုပ်ဆိုမည့် MoU အသစ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုနိုင်မည့် အသုံးအနှုန်းများကို ညှိနှိုင်းကာ အမြန်ဆုံးပြုစုပေးနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ညှိနှိုင်းစဥ်ကာလအတွင်း ဌာနေကိုယ်စားလှယ် အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာ၊ နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးရန်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများကို သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများအား ထိထိရောက်ရောက်ဆောင်ရွက်ပေးရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here