ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးအား တရုတ်က ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ၅နှစ်တာ ခန့်အပ်

0
145

ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးအား တရုတ် အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဇူလိုင်လ (၁၈) ရက်က ခန့်အပ်ခဲ့သည်။

တရုတ်နိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာ (China-ASEAN Legal Research Center)တို့အကြား ချုပ်ဆိုမည့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Wu Yu Hong က ဒေါက်တာသီတာဦးအား ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)အဖြစ်ခန့်အပ်ရာ
လက်ခံရယူခဲ့ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ခေါင်းစဉ်ဖြင့် ရည်မှန်းချက်(၅)ခု ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းရည်မှန်းချက်တွင် မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလည်း ပါဝင်သဖြင့် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရုတ် -အာဆီယံ ဥပဒေရေး ရာသုတေသနစင်တာနှင့် ဥပဒေရေးရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအရ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာကြား ဥပဒေရေးဆွဲရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဥပဒေအသိပညာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အဓိကထား ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ထို့ပြင် နားလည်မှုစာချွန်လွှာရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ဥပဒေစနစ်မတူညီမှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုစနစ်တို့ကို အပြန်အလှန်လေ့လာနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ၌ ထိရောက်မှုရှိလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here