မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှပေးပို့သည့် အကူအညီပစ္စည်းများ လွှဲပြောင်းလက်ခံ

0
145

“မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှပေးပို့သည့်အကူအညီပစ္စည်းများအား ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ လွှဲပြောင်းလက်ခံခဲ့သည်။

မြန်မာနိုင်ငံမှ “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရှိ Siam Cement Group (SCG)ကုမ္ပဏီ၊ ထိုင်းကြက်ခြေနီအသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့က ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် သွပ်(၆၅၀)ချပ်၊ သွပ်သံ(၃)ဘူး၊ သံမျိုးစုံ(၁၂)ဘူး၊ ဆိုလာမီးဝပ် (၆၀) အလုံး(၂၀)အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump က လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့ပြင် ထိုင်းကြက်ခြေနီအသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှလှူဒါန်းသည့်ပစ္စည်းများအား ထိုင်းကြက်ခြေနီအသင်းတာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရ၏ ထိရောက်သောစီမံခန့်ခွဲမှု၊ ဝန်ကြီးဌာနများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ၏ စုပေါင်းစွမ်းအားများဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူ မှုစီးပွားဘဝများ ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ထောက်ပံ့ပို့ဆောင်ရေးသင်္ဘော MCL -3 ဖြင့် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here