မုဒုံမြို့ရှိ နေအိမ်များအတွင်း ရေများဝင်ရောက်၍ လူဦးရေ ၂၀၀ ကျော် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်နေရ

0
105

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ အုတ်ကျင်းရပ်နှင့် ဘဲရမ်းကျေးရွာတို့တွင် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ အုတ်ကျင်းရပ်နှင့် ဘဲရမ်းကျေးရွာတို့တွင် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်မှုမှာ (၃) ပေကျော်ခန့်အထိ ရောက်ရှိနေသဖြင့် ယင်းနေရာများတွင် နေထိုင်သူများအား ရေဘေးလွတ်ကင်းသည့် အ.မ.က(မုဒုံဦး)နှင့် အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

“အရေးပေါ်ရွှေ့ပြောင်းဖို့လိုအပ်တဲ့ အိမ်ထောင်စုတွေကို အရင်ရွှေ့ပြောင်းပေးတာပါ။ အခုလက်ရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ (၂၃၀) ဦးကို ရွှေ့ပြောင်းနေရာချထားပေးပါတယ်။ မိုးဆက်ရွာပြီး ရေထပ်တက်လာမယ်ဆိုရင် ထပ်ပြီး ရွှေ့ပြောင်းပေးရမယ့် အိမ်ထောင်စုတွေလည်းရှိပါသေးတယ် ” ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ယာယီရွှေ့ပြောင်းပေးခဲ့ရသည့် လူဦးရေ ၂၃၀ ဦး၏ စားဝတ်နေရေးအတွက် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ရပ်ကွက်နေ ပြည်သူများက ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here