ကျောက်မျက်လိုင်စင်များ လိုင်စင်သက်တမ်းတိုးခြင်းမရှိပါက လိုင်စင်ပယ်ဖျက်မည်ဟုဆို

0
166

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များ လိုင်စင်သက်တမ်း မကုန်ဆုံးမီ တစ်လထက် နောက်မကျဘဲ သက်တမ်းတိုးရန်နှင့် သက်တမ်းတိုးခြင်းမရှိပါက လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် ရရှိထားသူများအား လိုင်စင်သက်တမ်းတိုးကြရန် ဇူလိုင်လ (၁၄) ရက် ရက်စွဲဖြင့် အသိပေးထားခြင်းဖြစ်သည်။

အဆိုပါ လိုင်စင်များ ကိုင်စင်ထားသူများအနေဖြင့် လိုင်စင်သက်တမ်းမပြည့်မီ လုပ်ငန်းရပ်စဲလိုပါကလည်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ တစ်လကြိုတင်ကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့ကြောင်း အကြောင်းကြားရမည်ဟုလည်းဖော်ပြထားသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းက ဇူလိုင်လ (၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် လိုင်စင်သက်တမ်းတိုးခြင်း ဆောင်ရွက်လိုသူများအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) နေပြည်တော်၊ ရန်ကုန်ပြတိုက်ဌာန၊ မန္တလေးစခန်းရုံး၊ မိုးကုတ်တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော်ရေးဌာန၊ လုံးခင်း/ဖားကန့်တူးဖော်ရေးဌာနနှင့် မြစ်ကြီးနားစခန်းရုံးတို့နှင့် ဆက်သွယ်၍ သက်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် သက်တမ်းကျော်လွန်သည့် လိုင်စင်များအနေဖြင့် အထက်ဖော်ပြပါ သက်ဆိုင်ရာရုံးခွဲများတွင် သက်တမ်းလွန်ကြေး ပေးသွင်းပြီးမှသာ လိုင်စင်ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here