နိုင်ငံအတွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန် မတည်ငွေရင်း ကျပ်ဘီလျံ (၅၀) ရရှိထား

0
141

ပြည်တွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် မတည်ငွေရင်း ကျပ်ဘီလျံ (၅၀)ရရှိထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူးက နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

‘‘ပြည်တွင်းမှာရှိတဲ့ ဆီစက်တွေကို အဆင့်မြင့်စက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီ ဆီစက်အသစ်တွေ ထပ်မံတည်ဆောက်ခြင်း၊ လက်ရှိ ဆီစက်တွေ အဆင့်မြှင့်တင်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ ကျပ် ၅၀ ဘီလျံ လိုအပ်မယ်လို့ တွက်ဆထားပါတယ်’’ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူသုံးစွဲရန် နစကဘက်က ခွင့်ပြုပေးထားပြီး သက်သာသည့်အတိုးနှုန်း တစ်နှစ်လျှင် (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

ဇူလိုင်လ (၇) ရက်အထိ ပထမဆုံး အဆိုပြုလွှာများအနက်မှ သတ်မှတ်စည်းမျဉ်းစံနှုန်းများနှင့်အညီ ကိုက်ညီသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုရှိ ဆီစက်လုပ်ငန်းရှင် (၈) ဦးကို ကျပ်သိန်းပေါင်း (၈၀၀၀) နီးပါး ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

‘‘မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေနဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေကို အမြန်ဆုံးထုတ်ချေးနိုင်ဖို့ ဆက်လက် စိစစ်လျက်ရှိပါတယ်။ ဒါကြောင့်လည်း မကြာခင်မှာ ချေးငွေအသစ်တွေ ထပ်မံပြီး ထုတ်ချေးပေးသွားမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေထဲမှ ထုတ်ယူချေးပေးခြင်းဖြစ်သည့်အတွက် ပျောက်ပျက်သွား၍ မရခြင်းကြောင့် ထုတ်ချေးငွေရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် မူလအဆိုပြုထားသည့်အတိုင်း လုပ်ကိုင်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအလိုက် အရင်း၊ အတိုးမှန်ကန်စွာ ပြန်လည်ပေးဆပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

Photo-မြို့တော်သတင်း


LEAVE A REPLY

Please enter your comment!
Please enter your name here