ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲဖျက်စီးခံရမှုကြောင့် ခရီးသည် ၁၅၀၀ ခန့် ခရီးစဉ်ကြန့်ကြာမှုဖြစ်ပွား

0
218

အမြန်ရထား(၄)စင်း၊ စာပို့ရထား (၂) စင်း၊ လူစီးကုန်တင်ရထား (၂) စင်းနှင့် ကုန်ရထား(၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်သည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ မိုင်းခွဲဖျက်စီးခံရမှုကြောင့် အမြန်လူစီးရထားများ ခရီးစဉ်ကြန့်ကြာမှု ဇူလ်ိုင်လ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ ဇူလိုင် ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀-၂၁) အရောက်တွင် ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထားလမ်းဇလီဖားတုံးများ ထောင်လျက်ဖြစ်နေကြောင်း မြင်တွေ့ရသဖြင့် ရထားအား အချိန်မီရပ်တန့်ခဲ့ရကြောင်း သိရသည်။

ရထားအားအချိန်မီ မရပ်တန့်နိုင်ခဲ့ပါက ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်သည်အထိပျက်စီးဆုံးရှုံးမှုကြီးမားစွာကြုံတွေ့ရနိုင်သည့် အခြေအနေဖြင့်ကြုံတွေ့ရမည်ဖြစ်ကာ ခရီးသည်များ၏ လုံခြုံရေးအရ ရထားအား ပြန်လည်နောက်ဆုတ်ခဲ့ရာ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက်တံခါးဘူတာသို့ရောက်ရှိပြီး လမ်းပိုင်းအား ည ၁၁ နာရီ ၅၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ တာ၀န်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ရထားလမ်း တံတားအား မိုင်းထောင်ဖျက်စီးထားမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပေ(၆၀) ကွန်ကရစ်တံတားအမှတ် ၁၆၁ ပေါ်ရှိ အဆန်လမ်းသံလမ်း(၂) ဖက်သည် အရှည်(၁၁)မီတာခန့်နှင့် အစုန်လမ်းပေါ်ရှိ အရှည်(၅၀)မီတာခန့် သံလမ်းများကွေးကောက်ပျက်စီးနေခြင်း၊ ကွန်ကရစ် ဇလီဖားတုံးများပျက်စီးခြင်း၊ တံတား၏ကွန်ကရစ်ကြမ်းခင်း အလျား(၄)ပေ၊ အနံ(၄)ပေခန့် ပျက်စီးနေသည့်အတွက် ရထားလမ်းပျက်စီးမှုအား ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ကာ လမ်းပိုင်းအား ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ၉ နာရီ ၂၇ မိနစ်၊ အမှတ် (၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီ ၄၅ မိနစ်နှင့် အမှတ်(၄)အစုန်လူစီးအမြန်ရထားသည် ၄ နာရီ ၂၃ မိနစ် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်းကြန့်ကြာခဲ့ရသဖြင့် ရထားစီးခရီးသည် စုစုပေါင်း(၁၅၀၀)ဦးခန့်သည် လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း(၁၁၂)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၄၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁၂)ကြိမ် ရှိပြီဖြစ်ကြောင်း နစက မှတ်တမ်းများအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here