မုဒုံမြို့မှ ရေဘေးသင့် ပြည်သူ (၄၆၅) ဦးအတွက် ပြည်နယ် အစိုးရမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

0
98

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း‌ကြောင့် ရေကြီးရေလျံမှုဖြစ်ပေါ်ကာ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေရသည့် ရေဘေးသင့်ပြည်သူ (၄၆၅) ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဇူလိုင်လ (၁၉) ရက်က သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ယာယီရွှေ့ပြောင်းနေထိုင်နေသည့် မုဒုံမြို့ မြေနိမ့်ပိုင်းရပ်ကွက်များ၌ နေထိုင်သော အိမ်ထောင်စု (၄၂) စုမှ မိသားစုဝင် (၁၈၄) ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့ပြင် ဘဲရမ်းကျေးရွာရှိ အ.မ.က(မုဒုံဦး)တွင် ရွှေ့ပြောင်း နေထိုင်လျက်ရှိသည့် ရေဘေးသင့်အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၃) ဦး၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်ရှိ ဓမ္မကာရီဓမ္မာရုံ၊ ယာယီရေဘေးကယ် ဆယ်ရေးစခန်း၌ ယာယီရွှေ့ပြောင်းနေထိုင်နေသည့် အိမ်ထောင်စု (၆၄) စုမှ လူဦးရေ (၂၃၈)ဦးတို့အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်မှ ရေဘေးသင့်အိမ်ထောင်စုဝင်များနှင့်တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ်ဖြစ်၍ အားလုံးစုပေါင်း၍ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေဝင်ရောက်လျက်ရှိသည့်နေရာများကို ကြည့်ရှုစစ်ဆေး၍ ရေစီးရေလာကောင်းမွန်ရန် ရေနှုတ်မြောင်းများ စနစ်တကျဖောက်လုပ်ရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး၊ ရေမြောင်းများ ပိတ်ဆို့မှု မရှိစေရန်ဆောင်ရွက်ရေး၊ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများ မဖြစ်ပွားစေရန် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ထားရေး ကိစ္စများအား သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here