မြန်မာအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ နိုင်ငံဖြတ်ကျော် ငွေပေးချေစနစ် ထူထောင်ရန် ရည်ရွယ်နေ

0
248

ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် ငွေပေးချေမှုစနစ်ထူထောင်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် (ဒ်)ဝီနိုင်း၏ ဖိတ်ကြားမှုကြောင့် ဘန်ကောက်မြို့တွင် ဇူလိုင်လ တတိယပတ်အတွင်းက ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမှုအတွင်း ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖြတ်ကျော် ငွေပေးချေရေးစနစ် ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံဖြစ်ကြသည့် ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်ကို သဘောတူဆောင်ရွက်နေပြီး အိန္ဒိယနိုင်ငံနှင့်လည်း နောက်ဆုံးအဆင့် ဖော်ဆောင်မှုအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဘင်းမ်စတက်သည် ၁၉၉၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here