အ​ရှေ့ဒဂုံနှင့် ဒဂုံမြောက်တွင် ရာအိမ်မှူးတစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

0
140

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ရာအိမ်မှူးတစ်ဦးနှင့် ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ (၂၁) ရက် နံနက် (၇) နာရီခွဲခန့်ကလည်း ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား (၂) ဦးက ဆိုင်ကယ်မောင်းလာသော ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၂၅) ရပ်ကွက် ရာအိမ်မှူး ဦးကျော်လွင် (၃၅) နှစ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၁၈) ရပ်ကွက်၊ ဦးမြူလမ်း နှင့် အောင်သပြေ လမ်းထောင့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးကျော်လွင်မှာ ကျည်ထိမှန်ဒဏ်ရာ (၂) ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၈) ရပ်ကွက်တွင် ဇူလိုင်လ (၂၀) ရက်၊ ညပိုင်းက ဆိုင်ကယ် ကယ်ရီမောင်းသည့် အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၇) နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသား (၂) ဦးသည် နေအိမ်သို့ ပြန်လာသည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကိုကျော်ဆန်းဝင်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၃၈) ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်အရောက် သေနတ်ဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲသို့ ပစ်ခတ်ခံရမှုကြောင့် ကိုကျော်ဆန်းဝင်းမှာ ဘယ်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ​နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here