ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပြည်တွင်းခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာ

0
422

တစ်ပတ်လျှင် ၃/၄ ရက်သာ ​လေယာဥ်ရှိသည့်အတွက် ခရီးသည်များ လေယာဉ်လက်မှတ်ခက်ခဲ

ခရီးသွားဧည့်သည်များ စိတ်ဝင်စား မှုများပြားရာ ဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာနေသော်လည်း ရေခဲတောင်တက်ခရီးစဉ် လာရောက်မှုမှာမူ နည်းနေသေးကြောင်း ဒေသခံခရီးသွားအေဂျင်စီ၏ ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်သို့ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် ၇၁၇၇၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၄၁၁၁ ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီ လကုန်အထိ ၇၀၇၈၈ ဦး ဝင်ရောက်ခဲ့ပြီး ပြည်ပ ခရီးသည် သက်သက်အနေဖြင့် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားသား ဧည့်သည် (၈၈၅) ဦး ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် များပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

“ရေခဲတောင်တက် ခရီးစဉ်ကတော့ အဓိက လမ်းပန်း ဆက်သွယ်ရေးပေါ့။ စိတ်ဝင်စားလို့ တက်မယ်ဆိုရင်တောင်မှ လေယာဉ်လက်မှတ်မရတာ။ ပြီးရင် တောင်တက်ခရီးစဉ်က ကုန်ကျမှုများတယ်။ လူတစ်ယောက် သိန်းနှစ်ဆယ်လောက်ရှိမှ သွားလို့ရတာ။ ရက်ကလည်း အချိန်ပေးရတယ်။ အရင်ကတော့ ဆယ်ညအိပ် ဆယ့်တစ်ရက်ပေါ့။ အခုကတော့ ခုနှစ်ရက် ရှစ်ရက်နဲ့ သွားလို့ရပေမယ့် သာမန်ဝန်ထမ်းတွေက အဲဒီလောက်အချိန်မရဘူး” ဟု ဒေသခံ ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် လေကြောင်းလိုင်း နည်းနေသေးပြီး ရက်သတ္တပတ် တစ်ပတ်လျှင် သုံးလေးရက်သာ ခရီးစဉ် ပြေးဆွဲသည့်အတွက် ခရီးသည်များ လေယာဉ်လက်မှတ်မရခြင်းမျိုး ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here