သုံးနှစ်အရွယ် သားကို သတ်ရန် ကြေးစားငှားခဲ့သည့်မိခင်ဖမ်းဆီးခံရ

0
165

မိုင်ယာမီ၊ဇူလိုင် ၂၀

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ အသက် ၁၈ နှစ်အရွယ်ရှိ မိခင်တစ်ဦးသည် ၎င်း၏အသက်သုံးနှစ်အရွယ်သားငယ် အားသတ်ပေးရန် ကြေးစားငှားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

၎င်းသည်သားဖြစ်သူ၏ဓာတ်ပုံ၊တည်နေရာအတိအကျနှင့်တစ်ကွ အသေးစိတ်ညွှန်ကြားချက်များအား rent-a-hitman.com အမည်ရှိ အပြောင်အပြက် ဝက်ဘ်ဆိုက်သို့ပေးပို့ငှားရမ်းခဲ့ပြီး ၎င်း၏နာမည်ကိုမူအမည်လွှဲထားကြောင်း တရားရုံး၏ထုတ်ပြန်ချက်များအရသိရသည်။

ကလေးမိခင်ထံမှလက်ခံရရှိသည့်အချက်အလက်များအတိုင်းစုံစမ်းကြည့်ရာ မှန်ကန်နေသဖြင့် ဝက်ဘ်ဆိုက်ပိုင်ရှင်မှာ တုန်လှုပ်အံ့ဩမိပြီးရဲများထံအကြောင်းကြားခဲ့ခြင်းဖြစ်သည်။၎င်း၏ဝက်ဘ်ဆိုက်ထဲသို့ အလားတူငှားရမ်းမှုမျိုးဝင်ရောက်လေ့ရှိသော်လည်း အ‌ပျော်သဘောသာလုပ်ကြခြင်း ဖြစ်သော်လည်း ယခုကိစ္စသည်အစစ်အမှန် သတ်ခိုင်းခြင်း ဖြစ်နိုင်သည်ဟုထင်ခဲ့ကြောင်းလည်း၎င်းကဆိုသည်။

အစပိုင်း၌ တာဝန်ရှိသူများက ၎င်းအားမယုံကြည်ခဲ့ကြဘဲ ၎င်း၏လုပ်ရပ်အားရပ်တန်းကရပ်ရန်သာသတိပေးခံခဲ့ရသည်။သို့သော် နောက်ဆုံး၌ စုံထောက်တစ်ဦးအား အဆိုပါအမှုအားလိုက်ရန်တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

စုံထောက်များက ကြေးစား လူသတ်သမား အသွင်ယူပြီး ကလေးမိခင်နှင့်ဆက်သွယ်ခဲ့ရာ ၎င်းကဒေါ်လာ ၃,၀၀၀ ဖြင့်သဘောတူညီမှုပြုလုပ်ခဲ့ရာမှဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။

ကလေးမိခင်အား အင်္ဂါနေ့ကဖမ်းဆီးခဲ့ပြီး လူသတ်ရန်အား‌ပေးမှုနှင့် ဆက်သွယ်ရေးကိရိယာ ဥပဒေမဲ့ အသုံးပြုမှုများဖြင့် စွဲချက်တင်ထားကြောင်းသိရသည်။အဆိုပါကလေးမိခင်အား လက်ရှိအချိန်၌ ဒေါ်လာ ၁၅,၀၀၀ တန်ကြေးရှိခံဝန်ဖြင့် Turner Guilford Knight စာရိတ္တ ပြုပြင်ရေး စခန်း တွင် ထိန်းသိမ်းထားကြောင်းလည်းမှတ်တမ်းများအရသိရသည်။

ဝက်ဘ်ဆိုက်ပိုင်ရှင်ကမူ ၎င်းအနေဖြင့် ယခုဝက်ဘ်ဆိုက်လေးအား ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု၏ ပရောဂျက်တစ်ခုအနေဖြင့်ပြုလုပ်ထားသော်လည်း အမှန်တကယ်ထင်ပြီးအလုပ်လာအပ်သည့်သူများလည်းရှိကြောင်းသိရသည်။၂၀၁၈ ခုနှစ်မှစ၍ ယင်းသို့အလုပ်လာအပ်သူစုစုပေါင်း ၁၂၀ ထက်မနည်းရှိကြောင်းလည်း၎င်းကဆိုခဲ့သည်။

Source : Fox News


LEAVE A REPLY

Please enter your comment!
Please enter your name here