အွန်လိုင်း ဈေးရောင်းချမည့်သူများ မှတ်ပုံတင်ကတ် (၆) လအတွင်း မလျှောက်ထားဘဲ ရောင်းချပါက ဥပဒေအရ အရေးယူမည်

0
232

အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချမည့်သူများ အနေဖြင့် မှတ်ပုံတင်ကတ် လျှောက်ထားကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ (၂၁) ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်ပြီး (၆) လအတွင်း မလျှောက်ထားဘဲ ရောင်းချပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်” ဟုဆိုကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမိန့်ကြေညာချက်၌ ဖော်ပြထားချက်အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၄) ၊ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်လိုက်ကြောင်း ပါရှိသည်။

အဆိုပါ အမိန့်အရ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အသိပေးထားပြီးအမိန့် ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ (၂၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါ “အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်” အပြည့်အစုံကို အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြပေးအပ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here