အာမခံအလုပ်သမားများ၏ ဆေးဖိုးငွေများအတွက် လူမှုဖူလုံရေးရန်ပုံငွေမှ ရန်ကုန်တိုင်းအတွင်း ကျပ်သန်းပေါင်း(၃၇၄၂)ကျော်ထုတ်ပေး

0
114

ပုဂ္ဂလိကဆေးခန်းများနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်လျှက်ရှိရာ Capitation Payment ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment ဆေးခန်း ၁၂ ခန်း၊ သားဖွားခန်း ၁၀ ခန်း ရှိလာ

အာမခံအလုပ်သမားများ ဆေးရုံများတွင်ပြသ၍ ကုန်ကျခဲ့သော ဆေးဖိုးငွေများကို လူမှုဖူလုံရေးရန်ပုံငွေမှ ပြန်လည်ထုတ်ပေးနေရာရန်ကုန်တိုင်းအတွင်း ကျပ်သန်းပေါင်း (၃၇၄၂) ကျော် ထုတ်ပေးခဲ့ကြောင်း လူမှုဖူလုံရေးအဖွဲ့၏ အချက်အလက်အရ သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက် ချမှတ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုးအနက် (၂) မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

များပြားလာသောအကျုံးဝင် အာမခံအလုပ်သမားမျာအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိတ်ရက်မရှိ အလွယ်တကူ လက်လှမ်းမှီရယူနိုင်စေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ ဇူလိုင်လ ၁၄ ရက်အထိ Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၂ ခန်း၊  မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၀ ခန်း၊ Mobile Medical Unit – ရွေ့လျားဆေးကုသယာဉ် (၂) စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အာမခံအလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအပြင် နိုင်ငံပိုင်ဆေးရုံများတွင် ပြသ၍ ကုန်ကျခဲ့သော ဆေးဖိုးငွေများကို ကာယကံရှင်အာမခံအလုပ်သမားထံ လူမှုဖူလုံရေး ရန်ပုံငွေမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ပြန်လည် ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ခုနှစ်၊ ဇွန်လအထိ ဆေးဖိုးအမှုတွဲပေါင်း (၆၉,၂၇၄) မှုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း (၃၇၄၂.၃၅၆) သန်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here