မြန်မာဘဏ်များ မည်သည့်နည်းလမ်းဖြင့်မဆို ရရှိသည့် ရူပီးငွေများအား အိန္ဒိယတွင်ထည့်သွင်းခွင့်ပြုရန် ဆွေးနွေး

0
159

ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွေ့ဆုံခဲ့ရာ အိန္ဒိယရူပီးနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ငွေပေးချေရေးအတွက် အိန္ဒိယနိုင်ငံ Punjab National Bank ၌ ဖွင့်လှစ်ထားရှိမည့် မြန်မာဘဏ်များ၏ ငွေစာရင်းတွင် မည်သည့်နည်းလမ်းဖြင့်မဆို ရရှိသည့် အိန္ဒိယရူပီးအား ထည့်သွင်းခွင့်ပြုရန် ဆွေးနွေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar တို့တွေ့ဆုံစဥ် နှစ်နိုင်ငံကုန်သွယ်ရေး၌ ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးချေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံရှိ ပြည်ပအလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများကို အထူးဖွင့်လှစ်ထားရှိမည့် ငွေစာရင်းတွင် လက်ခံထည့်သွင်းရန်၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက် (Concept Notes)ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ငွေကြေးခဝါချမှုဆိုင်ရာ တိုက်ဖျက်မှုများနှင့် စပ်လျဥ်း၍ အထောက်အကူပြုရန်နှင့် နည်းပညာ အကူအညီပေးရန် စသည့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဆိုင်ရာ အချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ဗဟိုဘဏ်အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်ခြင်းတွင် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံရှိ Punjab National Bank ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံဆောင်ရွက်ရမည့် Designated Bank အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်၊ ဘတ်တို့ဖြင့် ကျပ်ငွေ ကိုတိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here