စက်သုံးဆီများကို ဈေးနှုန်းတင်ရောင်းချနိုင်ရန်အတွက် ကောလဟလသတင်းအမှားများအား လုပ်ကြံဖန်တီးမှုများရှိနေ

0
182

နိုင်ငံအတွင်း စက်သုံးဆီများ လုံလောက်ပြီး အရန်ဆီများလည်း ဖူလုံစွာ သိုလှောင်ထားရှိ၍ စက်သုံးဆီနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုကြောင်း ထုတ်ပြန်

နိုင်ငံအတွင်း စက်သုံးဆီများ လုံလုံလောက်လောက်ရှိပြီး အရန်ဆီများလည်း ဖူလုံစွာ သိုလှောင်ထားရှိထားသည့်အတွက် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန် မလိုကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လစဉ်ပုံမှန်အစည်းအဝေးမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် လစဉ်ပြည်တွင်းလိုအပ်ချက်နှင့်အညီ ပြည်ပက ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှ စက်သုံးဆီများကို တင်သွင်းနိုင်ရေးအတွက် ဆက်စပ်လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံညှိနှိုင်း၍ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အရန်ဆီများကိုအရေးပေါ်အခြေနေတွင် ကာလတစ်ခုအထိ သုံးစွဲနိုင်ရေး လုံလုံလောက်လောက် တင်သွင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

“ဆီတင်သွင်းမှုလျှော့ချမှုကြောင့်ဆီပြတ်မယ်စျေးတက်မယ်ဆိုပြီးစက်သုံးဆီစျေးဆွဲတင်ဖို့လုပ်ကြတာပါ။လစဉ်ပုံမှန်လုပ်နေကျအစည်းအဝေးဖိတ်စာကိုလိုင်းပေါ်တင်ကြိုဖွတယ်။ပုံမှန်မိုးတွင်းကာလအသုံးလျော့တာနှစ်တိုင်းပုံမှန်ပါပဲ။အခုကဆီခွဲတမ်းလျော့တော့မယ်ဆီစျေးတွေတက်တော့မယ်ကြိုဝယ်ကြိုလှောင်ထားဖို့ဖွမှာဖြစ်ပါတယ်။ဒါကအရန်ဆီရှိတာသူတို့မသိလို့ဖွကြတာလေ”ဟု ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နှစ်အလိုက်မှတ်တမ်းများအရ မိုးရာသီအစ ဝါအဝင်ကာလတွင် စက်သုံးဆီသုံးစွဲမှုနှုန်းမှာ လျော့ကျလေ့ရှိသော်လည်း ကော်မတီအနေဖြင့် ယမန်နှစ်ကာလတူ (၂၀၂၂ ခုနှစ်၊ ဇူလိုင်လ)တွင် တင်သွင်းခဲ့သည့် စက်သုံးဆီအမယ်အလိုက် တန်ချိန်အတိုင်း ယခုလတွင်လည်း တင်သွင်းဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒါက လစဉ်ပုံမှန်လုပ်နေကျအစည်းအဝေးဖြစ်ပါတယ်။ မိုးတွင်းကာလမှာ နှစ်စဉ်ပုံမှန်သုံးစွဲမှုကလျော့ကျပါတယ်။ မိုးတွင်းကာလမှာ လျှပ်စစ်မီးပြန်မှန်လာတဲ့အတွက် လုပ်ငန်းသုံးမီးစက်တွေက သုံးစွဲမှုလျော့ကျလာတာဖြစ်ပါတယ်။ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာလတွေဟာပုံမှန်သုံးစွဲမှုလျော့ကျတဲ့ကာလဖြစ်ပါတယ်။ စက်သုံးဆီအနေနဲ့အရန်ဆီဖူလုံမှုလုံလောက်စွာရှိပါတယ်။ ဒါကြောင့် သတင်းမှားတွေကို မယုံကြည်ဖို့ပြောချင်တယ်”ဟုဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီလိုအပ်ချက်(Demand) နှင့် တင်သွင်းမှု (Supply) အချိုးမျှတမှုရှိနေသည့်အတွက် စက်သုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ပြည်သူများအနေဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်သည်ကို သိရှိရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် အချို့သော ဝိသမလောဘသား စီးပွားရေးသမားများသည် ရည်ရွယ်ချက်ရှိရှိဖြင့် စက်သုံးဆီများကို ဈေးနှုန်းတင်ရောင်းချနိုင်ရန်အတွက် မဟုတ်မမှန်ကောလဟလသတင်းအမှားများအား လုပ်ကြံဖန်တီးမှုများရှိနေကြောင်း၊လက်ရှိအနေအထားအရ နိုင်ငံအတွင်း စက်သုံးဆီများလုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိပြီး အရန်ဆီများကိုလည်း ဖူလုံစွာသိုလှောင်ထားရှိပြီးဖြစ်သည့်အတွက် ထပ်မံဝင်ရောက်လျက်ရှိသော ဆီတင်သ‌င်္ဘောများသည်လည်း ဆိပ်ကမ်းအားသည်နှင့်ဆီချနိုင်ရေး အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဖူလုံမှုရှိစေရေး‌အပေါ် စိုးရိမ်ပူပန်ရန်မလိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here