မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်‌ဆောက်ပြီးစီးမှုအထိမ်းအမှတ်အဖြစ် ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်”တန်အား ဇူလိုင် ၃၁ ရက်တွင် စတင်ထုတ်ဝေမည်

0
193

“မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်မွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက”၏ ၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်တို့အဖြစ် ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်တန်”ငွေစက္ကူအမျိုးအစားသစ်အား ဇူလိုင် ၃၁ ရက်နေ့မှစ၍ ထုတ်ဝေသွားမည်ဖြစ်သည်။

ယင်း ငွေစက္ကူ၏ အရွယ်အစားမှာ အလျား(၁၅) စင်တီမီတာနှင့်အနံ(၇)စင်တီမီတာရှိကာ အရောင်မှာ အစိမ်းနုရောင်ဖြစ်ပြီး အရေအတွက်ကန့်သတ်၍သာထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ဇူလိုင် ၂၃ ရက်(ယနေ့)တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငွေစက္ကူအသစ်အား မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ်သည်။

ထိုသို့ ဖြန့်‌ဝေပေးရာ၌ ကနဦးအနေဖြင့် ဗဟိုဘဏ် -နေပြည်တော်၊ရန်ကုန်ဘဏ်ခွဲနှင့်မန္တလေးဘဏ်ခွဲ တို့ရှိ ဟောင်းနွမ်းငွေစက္ကူများနှင့်“တန်ဖိုးတူ” လဲလှယ်ပေးသွားမည်ဖြစ်ကာ လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများနှင့်ငွေအကြွေများမှာလည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။

နှစ်သောင်းကျပ်တန်၏ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတန်းရိုက်နှိပ်ထားကာ မျက်နှာစာဖက်အလယ်ပိုင်းတွင် ရတနာဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ငွေစက္ကူလက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့်ဖော်ပြထားပါသည်။

ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူတန်ဖိုးအား မြန်မာ၊အင်္ဂလိပ်ဂဏန်းများဖြင့် ရိုက်နှိပ်ထားကာငွေစက္ကူနံပတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကာ လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော်ဦးခေါင်းပုံရေစာပါရှိသည်။

ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင်လည်း အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံ ခံသိရှိနိုင်သည့် မျဉ်းတို (၁၂)ချောင်းစီရိုက်နှိပ်ထားကာ ကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့်ဧရာဝတီတံတား(ရတနာပုံ)တို့အား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMAR”စာတန်း၊အောက်ပိုင်း၌ “TWENTY THOUSAND KYATS”ဟူသောစာတန်းများ ရိုက်နှိပ်ထားပြီး ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို မြန်မာ၊အင်္ဂလိပ်ဂဏန်းများဖြင့်ရိုက်နှိပ်ထားပါသည်။

နောက်ကျောဘက်တွင် ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှအစိမ်းရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here