ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ထားသည့် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းပေါင်း(၄၁၂)ခုရှိ

0
133

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ထားသည့် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းပေါင်း(၄၁၂)ခု ရှိကြောင်း သိရသည်။

ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် စပါးခွံ လောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် သတင်းအချက်အလက်များအရ သိရှိရခြင်း ဖြစ်သည်။

ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ထားသည့် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများအား ရန်ကုန်တိုင်း၌ (၁၃) ခု၊ စစ်ကိုင်းတိုင်း၌ (၇၈)ခု၊ ပဲခူးတိုင်း၌ (၁၆)ခု၊ မန္တလေးတိုင်း၌ (၂) ခု၊ ဧရာဝတီတိုင်း၌ (၃၀၃)ခု စုစုပေါင်း  (၄၁၂) ခုရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအနက် ဆန်စက်လုပ်ငန်းတွင် အသုံးပြုနေသည့် Gasifier (၃၁၉) ခုရှိပြီး အခြားလုပ်ငန်းတွင် အသုံးပြုနေသော Gasifier (၂၁)ခုရှိကြောင်းလည်း သိရသည်။

စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများအား အစိုးရဓာတ်အားစနစ်မရောက်နိုင်သော ‌ဒေသများ၊ ဓာတ်အားစနစ်ရောက်ရှိသော်လည်း ဓာတ်အားလုံလောက်စွာမရရှိနိုင်သည့် ဒေသများတွင် အသုံးပြုမှုများပြီး ဇီဝလောင်စာဓာတ်ငွေ့ထုတ်လုပ်မှုသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးသက်သာစေပြီး စွမ်းအင်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသည့်ထိရောက်မှုဖြစ်စေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက အဆိုပါ အလုပ်ရုံဆွေး နွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်း ဝန်ကြီးဌာနအနေဖြင့် Gasifier များ အသုံးပြုနေသည့် MSME လုပ်ငန်းရှင်များ၊ အတွေ့အကြုံရှိ ပညာရှင်များနှင့် သီအိုရီပိုင်းဆိုင်ရာ၊ လက်တွေ့ပိုင်းဆိုင်ရာများကို ပေါင်းစပ်ဆောင်ရွက်မည့်အခြေ အနေနှင့် Gasifier နှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သုတေသန စာတမ်းများဖတ်ကြားခြင်း၊ စနစ်ကျသည့် Gasifier များတည်ဆောက်အသုံးပြုနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့မှလည်း တိုင်းဒေသကြီးများအတွင်း စပါးခွံလောင်စာများ အသုံးပြု၍ Gasifier များတိုးမြှင့်သုံးစွဲနေမှု၊စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် Gasifier များ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုနှင့် Gasifier သုံး ဆန်စက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အနီးကပ်စောင့်ကြည့်စစ်ဆေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက စပါးခွံလောင်စာသုံး Gasifier များ၊ Gasifier စာတမ်းများ၊ Gasifier သုံးအင်ဂျင်များနှင့် Gasifier အသုံးပြုနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here