ဩဂုတ်လ (၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ကာလုံထံ အာဏာပြန်အပ်မည့် အခြေအနေမျိုး မမြင်ကြောင်း ဦးကိုကိုကြီး သုံးသပ်

0
312

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၂၅) ပါ ပြဌာန်းချက်ဖြစ်သည့် သာမန်မဟုတ်သောအခြေ အနေဟူသည့် စကားရပ်ကို အသုံးပြုကာ အရေးပေါ်ကာလ သက်တမ်း (၆) လ ထပ်မံတိုးမြှင့်ထားခြင်းသည် လာမည့် ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်းပြည့်မည် ဖြစ်သော်လည်း လက်ရှိအခြေအနေများအရ ကာလုံထံအာဏာပြန်အပ်မည့်အခြေအနေမမြင်ရသေးကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သုံးသပ်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအရ သာမန်အခြေအနေ မဟုတ်ကြောင်း ယူဆပါကာ (၆) လ သက်တမ်းတိုးထားခြင်းသည် လာမည့် ဇူလိုင်လ (၃၁) ရက်တွင်ပြည့်မည်ဖြစ်သည့်အတွက် ယင်းနေ့တွင် ကာလုံအစည်းအဝေးခေါ်ယူကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်၏ အခြေအနေကို ကာလုံထံ အစီရင်ခံ တင်ပြရမည်ဖြစ်သည်။

ယင်းသို့အစီရင်ခံ တင်ပြရာတွင် တိုင်းပြည်၏ အခြေအနေအရပ်ရပ်မှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး ၎င်းအားပေးအပ်ထားသည့် တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း တင်ပြခဲ့မည်ဆိုပါက ၎င်းအား ပေးအပ်ထားသည့် အာဏာသုံးရပ်ကို ကာလုံထံ ပြန်လည် အပ်နှံရမည်ဖြစ်သည်။

အကယ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်ရန်အပ်အပ်နေသေးပြီးတိုင်းပြည်၏ အခြေအနေအရပ်ရပ်မှာ သာမန်မဟုတ်သေးကြောင်း အစီရင်ခံခဲ့ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၄၂၅) အရ သာမန်အခြေအနေမဟုတ်ဟုဆိုကာ အာဏာ (၆) လ ဆက်လက်ထိမ်းခွင့်ရဦးမည်ဖြစ်သည်။

” ဩဂုတ်လ (၁) ရက်နေ့ကို ကာလုံကို လွှဲဖို့ မဖြစ်နိုင်ဘူး။ကာလုံကိုလွှဲရင် (၆) လအတွင်း ရွေကောက်ပွဲ လုပ်ရမှာ ဖြစ်တဲ့အတွက် ဩဂုတ်လ (၁) ရက်နေ့မှာ သက်တမ်းတိုးထားတဲ့ (၆) လ ကုန်ဆုံးပြီး ကာလုံကို လွှဲလိမ့်မယ်လို့ ကျွန်တောိတို့တော့ မမြင်ဘူး။ နောက်တစ်ခါလုံခြုံရေးအရလည်း တပ်ချုပ်က ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်ဖို့ ရည်ရွယ်ရှိတာဖြစ်တဲ့အတွက် ဒီအခြေအနေအရတော့ ဩဂုတ် (၁) ရက်နေ့မှာ ကာလုံကို လွှဲလိမ့်မယ်လို့ ကျွန်တော်တော့မမြင်ဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။

အကယ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် နိုင်ငံတော် အာဏာအား ကာလုံထံ ပြန်လည်အပ်နှင်းမည် ဆိုပါက ဩဂုတ်လ (၁) ရက်မှ စတင်ကာ အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာမည်ဖြစ်ပြီး (၆) လအတွင်း အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ ရွေးကောက်ခံ အစိုးရထံ အာဏာအာဏာလွဲအပ်ရမည့် အခြေအနေဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီ မှတ်ပုံတင်ခွင့်ပြုခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်ရှိနေသေးပြီး မဲဆွယ်စည်းရုံးခွင့်ကာလ (၂) လနှင့်ပါ ထပ်ပေါင်းရေတွက်မည်ဆိုပါက (၆) အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ဖြစ်နိုင်မည် မဟုတ်ကြောင်းလည်း ဦးကိုကိုကြီးက ရှင်းပြသည်။

” အခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေက သာမန်မဟုတ်ဘူးလို့ ကြေညာထားတဲ့အခြေအနေ။ ဒါကြောင့် သာမန်လို စဉ်းစားလို့ကိုမရဘူး ။ ဥပဒေပြဌာန်းချက်တွေကိုယ်၌က ပါတီအားလုံးအတွက် မှတ်ပုံခွင့်ပြုတာ ဘယ်အချိန်မှ ပြီးမယ်ဆိုတာ မသိဘူး။ ပါတီမှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကနေ နောက်ထပ် ရက်ပေါင်း (၁၈၀) ကန့်သတ်ချက်ရှိတော့ (၆) လ၊ မဲဆွယ်စည်းရုံးခွင့် (၂) လ ထပ်ပေါင်းရင် (၈) ပေါ့။ ဆိုတော့ ကာလုံကို လွဲပြီးရင် (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်ထဲ မဝင်ဘူး။ဒါကြောင့် ကျွန်တော်က ဩဂုတ်လ (၁) ရက်မှာ ကာလုံကို လွှဲဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာပါ” ဟု ၎င်းက ဆိုသည်။

အသစ်ပြဌာန်းထားသည့် ၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက် ရရှိသည့် ပါတီများအနေဖြင့် (၆) လအတွင်း သက်မှတ်ထားသည့် မြို့နယ် အရေအတွက်အလိုက် ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်း ၊ သတ်မှတ်ပါတီဝင်အင်အားများ စည်းရုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သည့် ပါတီများအား UEC က စိစစ်ခွင့်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကာ ဦးကိုကိုကြီးဦးဆောင်သည့် ပြည့်သူ့ပါတီအပါအဝင် ပါတီအချို့မှာ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခြင်း မရှိသေးဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here