ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခွင့်လိုင်စင်လျှောက်ထားရမည်ဆိုသည့် ထုတ်ပြန်ချက်စာမှာ သတင်းအမှားသာဖြစ်

0
284

ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်သူများအားလုံး “ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်ခွင့်လိုင်စင်” လျှောက်ထားရမည်ဟု ထုတ်ပြန်စာထွက်ပေါ်နေခြင်းမှာ သတင်းအမှားသာဖြစ်သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဇူလိုင်လ ၂၄ ရက် (ယနေ့) ထွက်ပေါ်ခဲ့သည့် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်ဟုဆိုကာ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၂၃ ဖြင့် ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်တစ်စောင်နှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် ထုတ်ပြန်စာတွင် အနာဂတ်တွင်ဖြစ်လတ္တံ့ရှိသော အဖြစ်အပျက်များကို ဟောတမ်းထုတ်သူများ၊ အတိတ်ဖြစ်ရပ်များကို ဟောတမ်းထုတ်သူများ၊ သဘာဝလွန် အဖြစ်အပျက်များနှင့် ကိစ္စများကို ဟောတမ်းထုတ်သူများ၊ မျက်စိဖြင့်မမြင်အပ်သော အကြောင်းအရာများကို ဟောတမ်းထုတ်သူများ၊ တားရော့နှင့် အခြားကံကြမ္မာဆိုင်ရာ ဟောတမ်းထုတ်သူများ၊ ကမ္ဘာလောကမဟုတ်သည့် အခြားလောကတစ်ခုခုကို ဆက်သွယ်ပေးသူများ၊ ယတြာ၊ သဘာဝလွန်အစီအမံများ ဆောင်ရွက်ပေးသူများအားလုံး လိုင်စင်လျှောက်ထားရမည်ဟု ရေးသားထားသည်။

အဆိုပါ ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်ခွင့်လိုင်စင်အား လျှောက်ထားရာ၌ ပုံစံ-က၊ ပုံစံ-ခ၊ ပုံစံ-ဂ နှင့် ပုံစံ- အထူးတို့ကိုလျှောက်ထားရမည်ဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ထို့ပြင် ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်ခွင့်လိုင်စင်မရှိဘဲ ကိုယ်တိုင်(သို့) လူမှုကွန်ယက်နှင့် အခြားသောဆက်သွယ်ရေးကွန်ယက်တစ်ခုခုတို့မှ ဗေဒင်နှင့်အကြားအမြင်ဟောတမ်းများ ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိပါက မြန်မာနိုင်ငံသာသနာပိုင်အက်ဥပဒေအရ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်စာ၌ ရေးသားဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here