တရုတ်တွင် ကျောင်းအားကစားရုံ ခေါင်မိုး ပြိုကျ ၊လူ ၁၀ ဦး သေဆုံး

0
147

ပေကျင်း၊ ဇူလိုင် ၂၄

တရုတ်နိုင်ငံ၊ ကျီကျီဟာမြို့ရှိ အလယ်တန်း ကျောင်းတစ်ကျောင်း၏ အားကစားရုံတွင် ဇူလိုင်လ ၂၃ ရက်နေ့က ကွန်ကရစ်ခေါင်းမိုး ပြိုကျခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး လူ တစ်ဦးမှာ အပျက်အစီးများအောက် ၌ ပိတ်မိနေကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ ၂၄ တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ကနဦးတွင် အပျက်အစီးများအောက်၌ လူ ၁၅ ဦး ပိတ်မိနေသည်ဟု ယူဆထားပြီး လက်ရှိအချိန်တွင်မူ လူ ၁၄ ဦးအား အာဏာပိုင်များက ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း စီစီတီဗွီ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ မတော်တဆမှုမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လုံရှားခရိုင်၊ ကျီကျီဟာမြို့ရှိ အမှတ် ၃၄၊ အလယ်တန်းတွင် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီ ၅၆ မိနစ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောထားသည်။

ခေါင်းမိုးပြိုကျချိန်တွင် အားကစားရုံ၌ လူ ၁၉ ဦး ရှိနေခဲ့ရာ လူလေးဦးမှာ လွတ်မြောက်လာပြီး ကျန် ၁၅ ဦးမှာ ပိတ်မိနေခဲ့သည်။ တနင်္လာနေ့ နံနက် ၃ နာရီအရောက်တွင် လူ ၁၄ ဦးအား အပျက်အစီးအောက်မှ ဆွဲထုတ်နိုင်ခဲ့သော်လည်း ၉ ဦးမှာ သေဆုံးသွားခဲ့သည်။

ပဏာမ စုံစမ်းစစ်ဆေးမှုများအရ ဆောက်လုပ်ရေးလုပ်သားများသည် အားကစားရုံ ဆောက်လုပ်စဉ် ခေါင်မိုး၌ ရေပါဝင်မှု မြင့်မားသော ပါလိုက် ခေါ် ဖော့ကျောက်ကို တရားမဝင် ထည့်သွင်းခဲ့သည်။ သို့ဖြစ်၍ မိုးများ ဆက်တိုက် ရွာချသောအခါ ဖော့ကျောက်များသည် မိုးရေများကို စုပ်ယူပြီး အလေးချိန်တက်လာကာ မခံနိုင်သည့်အဆုံး အမိုးပြိုကျမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here