မြို့ပြနှင့် ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရန် အထူးကုသမှု ဘာသာရပ်များ ( Super Speciality ) ဖွင့်လှစ်ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်နေ

0
164

မြို့ပြနှင့် ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရန် အထူးကုသမှု ဘာသာရပ်များ ( Super Speciality ) ဖွင့်လှစ်ဆေးကုသခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံမှုအားကောင်းစေရန်၊ ကျေးလက်နှင့်မြို့ပြ ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများ ရရှိစေရေးအတွက် အထူးကုသမှုများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ တောင်ကြီး၊ မကွေးစသည့် ဒေသများရှိ အထူးကုဆေးရုံကြီးများ၌ အထူးကုသမှု ဘာသာရပ်များ ( Super Speciality ) ဖွင့်လှစ်၍ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်များရှိ မြို့ပြသာမက ကျေးလက်နေပြည်သူများပါ ရရှိခံစားနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါ ပညာရပ်ဆိုင်ရာ အထူးကုဆရာ ဝန်ကြီးများနှင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ အထွေထွေရောဂါကု သမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဇူလိုင်လ ၂၂ ၊ ၂၃ ရက်များတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက် ၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသရေးအစီအစဉ်တွင် ပုသိမ်မြို့ပေါ်သာမက ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ၊ ငပုတော၊ ကျုံပျော်၊ ရေ ကြည်၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ဝါးခယ်မနှင့် ငသိုင်းချောင်းမြို့နယ်များ၊ ချောင်းသာ၊ ငွေဆောင်ဒေသတို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အလားတူ အစီအစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လအတွင်း တစ်ကြိမ်၊ ဇူလိုင်လအတွင်းတစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ Super Speciality ဘာသာရပ်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့များကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကျေးလက်ဒေသများသို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here