ဂျပန်ပင်လယ်ထဲ၌ပြုလုပ်နေသည့် တရုတ်နှင့်ရုရှားတို့၏စစ်ရေးလေ့ကျင့်မှုပြီးဆုံး

0
200

မော်စကို၊ဇူလိုင် ၂၄

ရုရှားနှင့်တရုတ်မဟာမိတ်နှစ်နိုင်ငံသည် ၎င်းတို့၏စစ်ရေးဆိုင်ရာဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဆောင်ရန်ကြိုးပမ်းလျက်ရှိရာ ဂျပန်ပင်လယ်ပြင်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေရာမှ အဆိုပါလေ့ကျင့်မှုအားရပ်နားလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့ကထုတ်ပြန်ကြေငြာခဲ့သည်။

အမေရိက၏လွှမ်းမိုးမှုကိုတန်ပြန်ရန် ဘုံဆန္ဒ သဘောထားတူညီသည့် အင်အားကြီးနိုင်ငံနှစ်ခုသည် ရုရှား၏ယူကရိန်းထိုးစစ်ကိုစတင်ခဲ့ပြီးကတည်းက စစ်ရေးနယ်ပယ်တွင်ပိုမိုနီးကပ်လာခဲ့ကြပြီး တရုတ်အနေဖြင့်လည်း ရုရှား၏ယူကရိန်းသို့ကျူးကျော်မှုအား ဝေဖန်ခြင်းမပြုခဲ့ပေ။

ကြာသပတေးနေ့ကစတင်ခဲ့သော စစ်ရေးလေ့ကျင့်မှု၏အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

၎င်းတို့၏ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းစေရန်အတွက် တရုတ်နှင့်ရုရှားတို့သည် မကြာသေးမီလများအတွင်းက နှစ်နိုင်ငံတပ်များအကြား စစ်ရေးလေ့ကျင့်မှုများစွာကိုလည်းပြုလုပ်ခဲ့ကြသည်။

မတ်လကလည်းတရုတ်သမ္မတရှီကျင့်ဖျင် မော်စကိုသို့ရောက်ရှိစဉ် ၎င်းနှင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် အပြန်အလှန်ယုံကြည်မှုပိုမိုနက်ရှိုင်းလာစေရန် ပုံမှန်ပူးတွဲကင်းလှည့်မှုများပြုလုပ်မည့် ကြေငြာချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ပြီးခဲ့သည့်လကလည်း တရုတ်နှင့်ရုရှားတို့သည် ဂျပန်ပင်လယ်နှင့်အရှေ့တရုတ်ပင်လယ်ပြင်တို့၌ ပူးတွဲလေကြောင်းကင်းလှည့်မှုပြုလုပ်ခဲ့သဖြင့် တောင်ကိုရီးယားဘက်မှ ကြိုတင်ကာကွယ်သည့်အနေဖြင့်တိုက်လေယာဉ်များချထားခဲ့ရပြီး အဆိုပါလေ့ကျင့်မှုသည် ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နှင့်ရုရှားတို့၏ နယ်မြေအတွင်းခြောက်ကြိမ်မြောက် ကင်းလှည့်မှုလည်းဖြစ်သည်ဟုဆိုသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here