သွားနှင့်ခံတွင်း ဆရာဝန် အပါအဝင် သစ်လွင်ဆရာဝန် (၃၉၁)ဦးကို နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်

0
147

သွားနှင့်ခံတွင်း ဆရာဝန် အပါအဝင် သစ်လွင်ဆရာဝန် (၃၉၁)ဦးကို နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးရုံ/ဆေးခန်း အဆောက်အအုံများ၊ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာစက်ကိရိယာများ ပြည့်စုံရန်လိုအပ်ကာ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာရှိရမည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မည်သည့်ဒေသမှ လာရောက်သည်ဖြစ်စေ တာဝန်ကျရာဒေသအတွင်းနေထိုင်သည့် ပြည်သူများကို တစ်သွေးတည်းတစ်သားတည်း ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ သဘောထား၍ ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေးပြည့်ဝစွာ ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒု-ဝန်ကြီးတို့က ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့ရှိ ဆရာဝန်(သစ်လွင်)များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တို့ရှိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးသည့် အမိန့်ကြော်ငြာစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here