Apple အား ဗြိတိန်မှ အက်ပလီကေးရှင်း ဖန်တီးသူများက ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိ တရားစွဲမှု ပြုလုပ်ထား

0
194

ဘရပ်ဆဲလ်၊ ဇူလိုင် ၂၅

ဗြိတိန်နိုင်ငံရှိ အက်ပလီကေးရှင်း ဖန်တီးသူ (developer) ၁,၅၀၀ ကျော်သည် Apple အား ၎င်း၏ အက်ပ်စတိုး ဝန်ဆောင်ခနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက် အင်္ဂါနေ့တွင် အမေရိကန် ဒေါ်လာ ၁ ဘီလျံ တန်ကြေးရှိသော လျော်ကြေးပေးဆောင်ရန် တရားစွဲခဲ့ကြောင်း သိရသည်။

အက်ပ်စတိုး အပါအဝင် Apple ၏ ဝန်ဆောင်မှုလုပ်ငန်းသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝင်ငွေများ အရှိန်အဟုန်ဖြင့် တိုးမြင့်လာနေပြီး လက်ရှိအချိန်တွင် သုံးလပတ် တစ်ခုလျှင် ဒေါ်လာ ၂၀ ဘီလျံခန့် ရရှိနေသည်။

သို့ရာတွင် Apple သည် အချို့သော အက်ပ်ဖန်တီးသူများကို ၎င်း၏ ငွေပေးချေ ဝန်ဆောင်မှုအား အသုံးပြုသည့် အခကြေးငွေအနေဖြင့် ကော်မရှင်ခ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေဆဲဖြစ်သည်။ ထိုလုပ်ရပ်ကို အက်ပ်ဆော့ဖ်ဝဲ ရေးဆွဲသူများအပြင် နိုင်ငံအများအပြားရှိ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းကပါ ဝေဖန်ခဲ့ကြသည်။

ယခုလက်ရှိ Apple အား ယှဉ်ပြိုင်မှုဆိုင်ရာ အယူခံခုံရုံး၌ စွဲဆိုထားသော အဆိုပါ တရားစွဲဆိုမှုကို အရှေ့ အန္ဂလီရာ တက္ကသိုလ်ရှိ ယှဉ်ပြိုင်မှုဆိုင်ရာ မူဝါဒဌာနမှ ပါမောက္ခ ရှောန် အန်းနစ်က အက်ပ်ဖန်တီးသူ ၁,၅၆၆ ဦး ကိုယ်စား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အက်ပ်ဖန်တီးသူတွေအပေါ် Apple ရဲ့ ဝန်ဆောင်ခ ကောက်ခံမှုတွေဟာ အလွန်အကျွံဖြစ်နေပါတယ်၊ ဒါဟာ အိုင်ဖုန်းနဲ့ အိုင်ပက်တွေဆီ အက်ပ်တွေ ဖြန့်ချိရာမှာ လက်ဝါးကြီး အုပ်ထားတဲ့အတွက်ကြောင့်သာ ဖြစ်နိုင်တယ်” ဟု အန်းနစ်က ဆိုသည်။ ယခုကဲ့သို့ မျှတမှု မရှိသော ကောက်ခံမှုများသည် အက်ပ်ဖန်တီးသူများ သာမက အက်ပ် ဝယ်ယူသူများကို ထိခိုက်နစ်နာစေသည်ဟု သူက ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here