ယခုနှစ် ပထမခြောက်လအထိ FDA တွင် ထောက်ခံချက်ရရှိထားသည့် သက်တမ်းရှိ အစားအသောက်နှင့် သောက်ရေသန့်လုပ်ငန်းပေါင်း (၂၀၀၀) ကျော်ရှိ

0
176

ယခု ၂၀၂၃ခုနှစ် ပထမနှစ်ဝက် ခြောက်လအထိ FDA တွင် ထောက်ခံချက်ရရှိထားသည့် သက်တမ်းရှိ အစားအသောက်နှင့် သောက်ရေသန့်လုပ်ငန်းပေါင်း (၂၀၀၀) ကျော်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ဇွန်လ ၃၀ ရက်အထိ Manual+E-Submission ဖြင့် ထောက်ခံချက်ရရှိထားသော သက်တမ်းရှိ အစားအသောက်လုပ်ငန်းစာရင်းအရ ၇၃၆ ခုရှိပြီး သောက်ရေသန့်လုပ်ငန်း ၁၃၁၀ ခုရှိကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ဆုံးဖြတ်ချက်အရ အစားအသောက်တင်သွင်းသည့် ကုမ္ပဏီများသည် အီလက်ထရောနစ်လျှောက်ထားမှုစနစ် (E-Submission System) မှ အစားအသောက်ဌာနခွဲသို့ သွင်းကုန်ကျန်းမာရေးထောက်ခံချက် (IHC) လျှောက်ထားရာတွင် အစားအသောက်များကို ကြားခံ တိုင်းပြည်မှတစ်ဆင့် နယ်စပ်စခန်းများတွင် တင်သွင်းရာ၌ သင်္ဘောတင်အထောက်အထား အပြည့်အစုံ Second BL (Truck Bill) မပါဝင်ခြင်းများအတွက် တင်သွင်းအစားအသောက်၏ ရက်စွဲအမှတ်အသား (Date Marking) နှင့် မျိုးတူစုအထောက်အထား (Lot Identification) အပြည့်အစုံဖော်ပြပါရှိသော ကုန်အမှာစာ (Invoice) နှင့် တင်သွင်းကုမ္ပဏီ၏ ခံဝန်တို့ဖြင့် ပြောင်းလဲစိစစ်၍ ယာယီလက်ခံပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထိုသို့လျှောက်ထားခြင်းများကို သက်ဆိုင်ရာနယ်စပ်စခန်း သို့မဟုတ် နေပြည်တော်၌သာ လျှောက်ထားရန် ရုံး (Application Office) အဖြစ် ရွေးချယ်လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားထားသည်။

FDA အနေဖြင့် လက်ရှိတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် လူကိုဘေးဥပါဒ်ဖြစ်စေသည့် ဓာတုပစ္စည်းများ၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုမရှိစေရန် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများ၊ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီ အပါအဝင် နှီးနွယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး စျေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Credit- FDA


LEAVE A REPLY

Please enter your comment!
Please enter your name here