ဂျပန်မှာ အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ မိဘတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီး

0
187

ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုး စီရင်စုက ဆာပိုရိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားတစ်ယောက်ကို ခေါင်းဖြတ်သတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတစ်ယောက်နဲ့ သူ့မိဘတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ အဲဒီ ခေါင်းပြတ်နေတဲ့ အမျိုးသားကို ဆာပိုရိုမြို့က ဟိုတယ်တစ်ခုမှာ ဇူလိုင်လ ၂ရက်နေ့က ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီလူကတော့ အသက် ၆၂ နှစ်အရွယ် ဟိုတိုရှီ အူရာ ဆိုသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ အသက် ၂၉ နှစ်အရွယ် ရူနာ တာမူရာနဲ့ အဖေဖြစ်သူ ၅၉ နှစ်အရွယ် အိုဆာမူ တာမူရာတို့ကို သေဆုံးသူကို ခေါင်းဖြတ်သတ်ပြီး ခေါင်းကို အခြားတစ်နေရာဆီ ပြောင်းရွှေ့ရာမှာ ပူးပေါင်းကြံစည်ခဲ့မှုနဲ့ ဖမ်းဆီးထားတယ်လို့ ဇူလိုင်လ ၂၅ ရက် အင်္ဂါနေ့မှာ ပြောလာခဲ့ပါတယ်။

ရူနာရဲ့ အမေဖြစ်သူ အသက် ၆၀ အရွယ် ဟီရိုကို တာမူရာကိုလည်း သေဆုံးသူရဲ့ ခေါင်းကို ရွှေ့ပြောင်းရာမှာ မိသားစုနဲ့အတူ ပူးပေါင်းကြံစည်မှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။ အဲဒီအမှုနဲ့ ရင်းနှီးကျွမ်းဝင်သူတွေရဲ့ ပြောဆိုချက်အရ ရဲတွေဟာ သေဆုံးသူရဲ့ ဦးခေါင်းကို ရူနာရဲ့ အိမ်မှာ တနင်္လာနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကျိုဒို နူးစ်နဲ့ အခြား သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ သေဆုံးသူနဲ့ ရူနာ တာမူရာလို့ ယူဆရတဲ့ လူတစ်ယောက်ဟာ ဆူဆူကီနို ရပ်ကွက်က အတွဲတွေ တည်းခိုတဲ့ဟိုတယ်တစ်ခုမှာ အတူတည်းခဲ့ကြပါတယ်။ ဒါပေမယ့် သုံးနာရီအကြာမှာတော့ နှစ်ယောက်ထဲက တစ်ယောက်ကသာ ခရီးဆောင်အိတ်နဲ့အတူ ဟိုတယ်ခန်းထဲက ထွက်လာခဲ့တာပါ။ အဲဒီလိုနဲ့ ဟိုတယ်ဝန်ထမ်း တစ်ယောက်က ဇူလိုင် ၂ ရက်နေ့မှာ အဲဒီအခန်းကို သွားစစ်ကြည့်ရာ ခေါင်းပြတ်နေတဲ့ ဟိုတိုရှီ အူရာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here