ကျပ်နှစ်သောင်းတန်ကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ဟု ဗဟိုဘဏ် ညွှန်ချုပ် ပြောကြား

0
212

ဗဟိုဘဏ်မှ ကျပ် နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ် လာနိုင်သည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုလျော့နည်းကျဆင်းစေရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်စေရန် ဗဟိုဘဏ်မှ ငွေကြေးမူဝါဒချမှတ်ကာဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျပ် နှစ်သောင်းတန်ငွေစက္ကူအား အမှတ်တရပုံစံ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများနေရာတွင် အစားထိုးလဲလှယ်ပေးခြင်း၊အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း၌ ငွေကြေးဖောင်းပွမှုမဖြစ်စေရန် ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိကာ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်လည်း အလေးထားဆောင်ရွက်လျက်ရှိပြီး နေ့စဉ် နိုင်ငံခြားငွေစီးဝင်မှု/စီးထွက်မှုများအား စောင့်ကြည့်စိစစ်လျက်ရှိကြောင်း ပြောကြားသည်။

ထို့အတူ ဈေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက်များရှိလာပါက Financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံခြားငွေဝယ်ယူထိန်းသိမ်းထားသည့်ဘဏ်များကို နိုင်ငံခြားငွေလိုအပ်သော သွင်းကုန်တင်သွင်းသူများနှင့် စီးပွားရေးလုပ်ငန်းများထံ ရောင်းချစေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“လက်ရှိအချိန်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ တည်ငြိမ်နေပါတယ်။ အဲဒါကို ဗဟိုဘဏ်က ဦးစီးဆောင်ရွက်နေပါတယ်။ ဘဏ်တွေအကြား Online နိုင်ငံခြားငွေကြေးဈေးကွက်မှာ တည်ငြိမ်နေတာကိုတွေ့ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

Online နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် Exchange Rate မှာလည်း တည်ငြိမ်လျက်ရှိကြောင်းနှင့် လိုအပ်သည့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် သွင်းကုန်တင်သွင်းသူများအတွက် လိုအပ်သည့် နိုင်ငံခြားငွေရယူသူများကိုလည်း ဖြည့်ဆည်းပေးနိုင်ကာ လိုအပ်သည့်သွင်းကုန်များကို သွင်းပေးနိုင်သည်ဟုလည်း ပြောသည်။

ထို့ပြင် ဗဟိုဘဏ်မှ တိုင်းပြည်၏ စီးပွားရေးအား ပိုမိုအထောက်အကူဖြစ်စေရန်နှင့် နှစ်စဉ်လျာထားသည့် အမျိုးသားပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား တွက်ချက်၍ သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန် ငွေကြေးမူဝါဒဘောင်ကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။

ထို့အတူ ဗဟိုဘဏ်မှ အတန်အသင့်တင်းကြပ်သည့် ငွေကြေးမူဝါဒကိုကျင့်သုံးလျက်ရှိကာ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေး ရေးအဖွဲ့အစည်းများကို နီးကပ်စွာကြီးကြပ်စစ်ဆေးခြင်း၊ ထိန်းကျောင်းပြုပြင်ခြင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here