တက္ကစီများတွင် အချက်ပြမီး တပ်ဆင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ခွင့်ပြုထားကြောင်း YRTC ပြော

0
440

ရန်ကုန်တိုင်းအတွင်းမောင်းနှင်နေသည့် တက္ကစီယာဉ်များအနေဖြင့် အန္တရာယ်တစုံတရာ ကြုံတွေ့ပါက အချက်ပြမီးဖြင့် အချက်ပြနိုင်ရန် အချက်ပြမီး တပ်ဆင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုထားပြီးဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။

” ခွင့်ပြုချက်က ရပါပြီ။ တက္ကစီတွေ လုယက်ခံရတာ ၊ အသက်အန္တရာယ်တွေထိပါးလာတာတွေကြောင့် အချက်ပြမီးတပ်တာပါ။ ကားပေါ်မှာတစ်ခုခုဖြစ်ပြီဆိုရင် အချက်ပြမီးဖွင့်လိုက်တာနဲ့ ဘေးလူတွေ အားလုံးဝိုင်းဝန်းကူညီရအောင်လို့ ရည်ရွယ်ချက်နဲ့ အချက်ပြမီးကို တပ်တာဖြစ်ပါတယ်”ဟု YRTC မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မာန်ကပြောသည်။

အငှားယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက ပတ်ဝန်းကျင်မှ သတိပြုမိစေရန်အတွက် ကားအမိုးပေါ်တွင် အနီရောင်အချက်ပြ မှိတ်တုတ်မီးနှင့် အချက်ပေးနိုင်ရန် ရန်ကုန်စီးတီးတက္ကစီအသင်းက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့တပ်ဆင်ရခြင်းမှာ ခရီးသည်အယောင်ဆောင်၍ CITY TAXI အငှားယာဉ်မောင်းများကို ပိုက်ဆံလုခြင်း၊ အသက်အန္တရာယ်ပြု၍ ကားလုခြင်းစသည့်ဖြစ်စဉ်များ ကြုံတွေ့လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ အကူအညီပေးနိုင်ရန်အတွက် အကူညီတောင်းခံသည့်အနေဖြင့် အနီရောင်အချက်ပြ မှိတ်တုတ်မီးကို ကားအမိုးပေါ်တွင် တပ်ဆင်ခွင့်ပြုရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်မောင်းများ ကားအလုခံရခြင်း၊ ဖုန်းနှင့်ငွေများလုယက်ခံရခြင်း၊ ကားအပြင်လူပါ ပျောက်ဆုံးခြင်းနှင့် ပစ္စည်းလုယူပြီး ယာဉ်မောင်းအသတ်ခံရခြင်း စသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here