ရက်ပိုင်းအတွင်း ငလျင်များ ဆက်တိုက်လှုပ်နေပြီး မြေပျော့ပိုင်းဒေသများကို ဗဟိုပြု၍ ထပ်မံလှုပ်ခတ်လာပါက ပြင်းထန်နိုင်ဟုဆို

0
155

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် အင်အားရစ်(ခ်)တာစကေး (၄) ဝန်းကျင်ရှိ မြေငလျင်ငယ်များ ဆက်တိုက်လှုပ်နေပြီး ငလျင်လှုပ်ခတ်မှုကို သိသိသာသာ မခံစားရသော်လည်း ဧရာ၀တီမြစ်၀ကျွန်းပေါ်ကဲ့သို့သော မြေပျော့ပိုင်း ဒေသများကို ဗဟိုပြု၍ ထပ်မံလှုပ်ခတ်လာပါက ပြင်းထန်နိုင်ပြီး သိသိသာသာ ခံစားရနိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။

ယခု ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄) ဝန်းကျင်ရှိ မြေငလျင်များ ရက်ခြားလှုပ်ခတ်နေပြီး ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း နှစ်ရက်အတွင်း မြန်မာနိုင်ငံပြည်တွင်း (၃) နေရာ၌ အင်အား ရစ်(ခ်)တာစကေး (၄) အဆင့်ဝန်းကျင်ရှိ မြေငလျင်များ ရက်ဆက်လှုပ်ခတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံပြင်ပကို ဗဟိုပြု လှုပ်ခတ်သည့် ငလျင်များလည်း ဖြစ်ပွားခဲ့သည်။

‘’ အင်အား (၄) ဆိုတာက ရေထဲမှာ လှုပ်ရင် ဘယ်သူမှ မသိဘူး။ ကျောက်သားပေါ်မှာ လှုပ်လည်း မသိနိုင်ဘူး။ ဒါပေမဲ့ မြေနုတဲ့အရပ် ရွံမြေတို့ အဲဒါတွေက ဘယ်နေရာမှာရှိလဲဆိုရင် ဧရာ၀တီမြစ်၀ကျွန်းပေါ်လို့ခေါ်တဲ့ ရန်ကုန်တို့၊ ဒေးဒရဲတို့၊ ဖျာပုံတို့၊ မြောင်းမြတို့လို မြစ်၀ကျွန်းပေါ်မှာရှိတဲ့ ဒေသတွေက မြို့တွေက အကုန်လုံး ရွံမြေတွေချည်းပဲ။ မြေပျော့တွေ။ သူ့မှာ ရေပါတယ်။ အဲဒီနေရာတွေမှာ ငလျင်လှုပ်ရင်တော့ သူများတွေလှုပ်လို့ ဘာမှမဖြစ်တဲ့ အချိန်မှာ သူက ပြင်းပြင်းထန်ထန်ခံရတယ်။ နေရာဒေသပေါ်မူတည်ပြီး ငလျင်ရဲ့ သက်ရောက်မှုက ရှိတာမျိုးဆိုတော့ အသေအချာပြောဖို့ ခက်ပါတယ်” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ (၇) ရက်က ဧရာဝ‌တီတိုင်း ညောင်တုန်းမြို၏ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး ထိုငလျင်ကြောင့် မအူပင်တက္ကသိုလ် အပါအဝင် ရှေးဟောင်းစေတီများ ထိခိုက်ပျက်စီးခြင်း၊ သက်တမ်းကြာမြင့်သည့်အဆောက်အဦများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အဆိုပါ ငလျင်ကြောင့် မအူပင်မြို့ရှိ အဆောက်အဦများ ပြိုကျပျက်စီးမှုကြောင့် ပိမိကာ သီလရှင်တစ်ပါးအပါအဝင် အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ငလျင်လှုပ်ခြင်းသည် လူအများ မမြင်နိုင်သည့် မြေအောက်ဘက်တွင် လှုပ်ခတ်ခြင်းဖြစ်သည့်အတွက် ခန့်မှန်း၍ မရသည့်အပြင် ငလျင်ပြင်းအားသည်လည်း နေရာဒေသပေါ်မူတည်၍ သက်ရောက်မှုများရှိနိုင်ကြောင်း ငလျင်ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင် – တောင်မြောက် တန်းလျက်တည်ရှိနေသည့်က ဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြိုအနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့အသေး (၄၀)ခန့် ရှိနေသည့်အတွက်ကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ အချက်အလက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here