ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆောင်ရွက်မှုများအား UEC ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ သွားရောက်လေ့လာ

0
143

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးစိုးသိန်းသည် UEC အဖွဲ့ဝင်ဦးစိုးဦးနှင့် အတူ ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆောင်ရွက်နေမှုများအား သွားရောက်လေ့လာခဲ့‌ကြောင်း သိရသည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဇူလိုင်လ (၂၁) ရက်မှ (၂၅) ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား နိုင်ငံတကာလေ့လာသူများအဖြစ် လေ့လာခဲ့ခြင်းဖြစ်သည်။

UEC ဥက္ကဋ္ဌသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့နှင့် ကန်ဒယ်ပြည်နယ်ရှိ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘွန်ရာနီခရိုပါဟာ မူလတန်းကျောင်း၊ ဟွန်ဆန်ဆက်တဘောင်း မူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် မဲရုံပြင်ဆင်နေမှု၊ ဆိုသီရာရော့စ် အလယ်တန်းကျောင်းနှင့် 8 March မူကြိုကျောင်းတို့၌ မဲရုံဖွင့်လှစ်နေမှု၊ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘတ်တုအထက်တန်းကျောင်းနှင့် အက်နိုဝတ်ဖနောင် မူလတန်းကျောင်းတို့၌ မဲပေးနေမှုကို လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။

ထိုပြင် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပပုံ၊ မဲရုံများဖွင့်လှစ်ထားရှိမှုနှင့်မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များနှင့် ထင်ရှားသောနေရာများကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အတူ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဦးစိုးဦးတို့သည် ဇူလိုင်လ ၂၂ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတကာရွေး ကောက်ပွဲလေ့လာသူများအား လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီးနောက် UEC ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဦးစိုးဦးတို့သည် ဇူလိုင်လ ၂၅ ရက်၊ ညနေ (၅) နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here