မြန်မာ – တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

0
198

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ ဆုံဆွေးနွေးခဲ့ကြကြောင်း UMFCCI မှ သိရသည်။

ဇူလိုင်လ (၂၅) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် တက်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ် (၂၆) ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် တရုတ် – မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အားကောင်းပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် နယ်စပ်တံခါးပေါက်များမှ အားပြုဆောင်ရွက်လျက်ရှိသည့်အပြင် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကုန်သွယ်မှုဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားခဲ့သည်။

တက်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wei Gang ကလည်း တက်ဟုန်းပြည်နယ်ခွဲအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များမှ လယ်ယာသားငါးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ စားနပ်ရိက္ခာဖူလုံရေး၊ စျေးနှုန်းတည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းများတွင် Logistics ကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ သစ်သီးဝလံများကုန်သွယ်မှု ပိုမိုတိုးချဲ့ခွင့်ပြုနိုင်ရေး စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here