ကားအစီးရေ ၃၀၀၀ နီးပါး တင်ဆောင်လာသော သင်္ဘောတစ်စီး ဒတ်ခ်ျကမ်းလွန်ရေပြင်တွင် မီးလောင်

0
216

ကားအစီးရေ ၃၀၀၀ နီးပါး တင်ဆောင်လာသော သင်္ဘောတစ်စီး ဒတ်ခ်ျကမ်းလွန်ရေပြင်တွင် ဗုဒ္ဓဟူးနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂျာမနီမှ အီဂျစ်သို့ ပြေးဆွဲနေသည့် ၁၉၉ မီတာ (၆၅၅ ပေခန့်) ရှည်လျားသည့် ပနားမားမှတ်ပုံတင်ထားသော Fremantle Highway အမည်ရှိ သင်္ဘောကြီးသည် အင်္ဂါနေ့ညက မီးစတင်လောင်ကျွမ်းပြီးနောက် သင်္ဘောသားအများအပြား သင်္ဘောပေါ်မှ ခုန်ဆင်းခဲ့ကြရသည်။

မီးလောင်ကျွမ်းမှုကြောင့် အိန္ဒိယသင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားသင်္ဘောသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံရှိ အိန္ဒိယသံရုံးက လူမှုမီဒီယာတွင် ဖော်ပြခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေး သင်္ဘောများသည် မီးလောင်နေသော သင်္ဘောပေါ်သို့ ရေများ ဖျန်းပေးခဲ့သော်လည်း ရေအလွန်အကျွံသုံး၍ နစ်မြုပ်သွားမည့် အန္တရာယ်ရှိကြောင်း ဒတ်ခ်ျ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ မျောပါသွားခြင်းမှ ကာကွယ်ရန်အတွက် ကယ်ဆယ်ရေး သင်္ဘောနှင့် တွဲထားရကြောင်း သိရသည်။

ကမ်းခြေစောင့်တပ်ကို ကိုးကား၍ ဒတ်ခ်ျသတင်းအေဂျင်စီ ANP က မီးလောင်မှုမှာ ရက်ပိုင်းအထိ ကြာမြင့်နိုင်သည်ဟု ဆိုသည်။

“မီးက သေချာမထိန်းနိုင်သေးဘူး။ ငြိမ်းသတ်ရတာ အရမ်းခက်ပါတယ်၊ သင်္ဘောက သယ်လာတဲ့ ကုန်တင်ကားတွေကြောင့် ဖြစ်နိုင်ပါတယ်” ဟု ဒတ်ခ်ျ ရေလမ်းနှင့် ပြည်သူ့လုပ်ငန်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ Edwin Versteeg က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here