လောင်းလုံးတွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမနှင့် သားဖြစ်သူအပါအဝင် ဆရာ/ဆရာမများကို ရိုက်နှက်ဖမ်းဆီးကာ စိုက်ပျိုးရေး ဒု-ဦးစီးမှူးအား သတ်ဖြတ်သွား

0
272

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း(ထားဝယ်) ၏ ကျောင်းအုပ်ဆရာမကြီးနှင့် သားဖြစ်သူ အသက် (၁၁)နှစ်အရွယ်ကလေးငယ်အပါအဝင် ဆရာ၊ဆရာမများကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်ဆိုသူများက ဖမ်းဆီးရိုက်နှက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှုးတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လက်နက်ကိုင်များသည် ပြီးခဲ့သည့် ဇူလိုင် (၂၀)ရက် မွန်းတည့် (၁၂) နာရီခန့်က လက်နက်များကိုင်ဆောင်၍ ကားတစ်စီးဖြင့် မြို့ဟောင်းကျေးရွာဘက်မှ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်)သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ စာသင်ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများကို ထိုင်ခိုင်းကာ ဆရာ၊ ဆရာမများအား ကြမ်းပြင်တွင်မှောက်လျက်အနေအထားဖြင့် နေခိုင်းပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရိုက်နှက်နှိပ်စက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဆရာ၊ ဆရာမများအား CDM ပြုလုပ်ရန် ခြိမ်းခြောက် ပြောဆိုပြီးနောက် ဇူလိုင် (၂၁) ရက်နံနက် (၈) နာရီ နောက်ဆုံးထားပြီး ကျောင်းဝန်းအတွင်းမှ ထွက်ခွာရန် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ၎င်း၏သားဖြစ်သူ အသက်(၁၁)နှစ်အရွယ်ရှိ မောင်အောင်ဟိန်းခန့်နှင့် ဆရာ၊ ဆရာမ (၅) ဦး စုစုပေါင်း (၇) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဇူလိုင် (၂၂) ရက်တွင်လည်း PDF အဖွဲ့ဝင်များမှ နေအိမ်၌ အိပ်ပျော်နေသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်) တွင် စိုက်ပျိုးရေးပညာသင်ကြားပေးနေသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီဌာနမှ ဒု-ဦးစီးမှူးဦးသိန်းဦးအား နေအိမ်အရှေ့ရှိ ဆီအုန်းခြံသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်များဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခံထားရသူများကို ပြန်လည်ကယ်တင်နိုင်ရေးနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here