မြို့နယ်စည်ပင်ရုံး‌ရှေ့၌ ဘောလုံးကန်နေသည့် အမျိုးသား (၂) ဦး ပစ်ခတ်ခံရမှု ဒိုက်ဦးမြို့တွင်ဖြစ်ပွား

0
206

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံးရှေ့တွင် ဘောလုံးကန်နေသည့် အမျိုးသား (၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှု ဇူလိုင်လ (၂၆) ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ညနေ (၅) နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား (၂)ဦးသည် ဒိုက်ဦးမြို့၊ အမှတ် (၃)ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ မြို့နယ်စည်ပင်ရုံးရှေ့၌ ဘောလုံးကန်နေသည့် ဦးအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်း (၄၂)နှစ်နှင့် ကိုခင်မောင်ထွေး(၃၇)နှစ်တို့ကို သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

“သူတို့ (၂) ယောက်က စျေးရောင်းတဲ့သူတွေပါ။ ညနေ ဘောလုံးကန်နေတုန်း ပစ်ခံလိုက်ရတာ။ ဦးအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်းမှာက ထိမှန်ဒဏ်ရာ (၄) ချက်၊ ကိုခင်မောင်ထွေးမှာက ထိမှန်ဒဏ်ရာ (၂) ချက်ရတယ်။ ဖြစ်ဖြစ်ချင်း ဒိုက်ဦးဆေးရုံကို ပို့ပေးခဲ့တယ်။ အဲဒီကနေ ပဲခူးဆေးရုံကို ထပ်ပို့ပေးခဲ့ရပါတယ်။ နှစ်ယောက်လုံးကတော့ မစိုးရိမ်ရပါဘူး”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here