၂၀၂၃- ၂၀၂၄ တွင် နိုင်ငံ့စီးပွားရေး (၄) ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်းထား

0
142

နိုင်ငံ၏ စီးပွားရေးမှာ ပြီးခဲ့သည့်ကာလများအတွင်း အထိုက်အလျောက်တိုးတက်ခဲ့ပြီး ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် (၄) ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဇူလိုင်လ (၂၆) ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတော် စီးပွားရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) တွင် တက်ရောက်အမှာစကားပြောကြားစဥ် နစက
ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာငွေသုံးစွဲမှုတွင် နိုင်ငံတော်၏ ရငွေပိုင်းနှင့်ပတ်သက်၍ သာမန်ရငွေများ၊ ချေးငွေနှင့် ထောက်ပံ့ငွေများဟူ၍ (၃) ပိုင်းရှိကာ မိမိတို့ တာဝန်ယူပြီးနောက်ပိုင်း ချေးငွေများ လုံးဝချေးယူခြင်းမရှိခဲ့ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

“ပြည်ပထောက်ပံ့ငွေ အနေနဲ့လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းရောက်မှသာ အနည်းငယ်ရရှိခဲ့တာကြောင့် တချို့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းဘဏ္ဍာငွေနဲ့ စီးပွားရေးဟာ ပြည်တွင်းအင်အားအပေါ်မှာသာ လုံးဝတည်မှီနေတာကို တွေ့ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ယခင်ကလည်း ပြည်တွင်းအားကို အဓိကထား၍ နိုင်ငံစီးပွားတိုးတက်ရေးကို ဆောင်ရွက်ခဲ့ရာတွင် ကုန်ထုတ်လုပ်မှုများနှင့် သယံဇာတများ ရောင်းချခြင်းတို့ရှိရာ နစက တာဝန်ယူချိန်တွင် သယံဇာတရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထား၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

“လက်ရှိဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်မှုတွေကို အမှန်တကယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ထပ်မံတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ -၂၀၂၁ ခုနှစ်က စီးပွားရေး ကျဆင်းခဲ့တဲ့အခြေအနေက ပြန်လည်ရုန်းထွ က်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန် လိုအပ်ကာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များထုတ်လုပ်ခြင်းသည် ခိုင်မာသည့်ဈေးကွက်ရှိပြီး ကမ္ဘာတစ်ဝန်းလိုအပ်လျက်ရှိသော Food Security ကိုလည်း ထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် သေချာသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ထပ်မံတိုးတက်နိုင်မည်ဟုယုံကြည်ကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးလုပ်ငန်းများမှာ အမှန်တကယ်တိုးတက်လာမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here