မန္တလေးတိုင်း၌ ဇူလိုင်လ ၂၇ ရက် တစ်ရက်တည်းတွင် အမျိုးသား (၃) ဦး ပစ်ခတ်ခံရ၍ သေဆုံး

0
219

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်နှင့် တောင်သာမြို့နယ်တို့တွင် ဇူလိုင်လ ၂၇ ရက် တစ်ရက်တည်း၌ပင် အမျိုးသား (၃) ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာနေ ဦးဌေးစိုး(၅၅)နှစ်သည် မြင်းခြံမြို့မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကျောက်ရံကျေးရွာနှင့် ဖောင်းကားကျေးရွာကြားအရောက် အမည်မသိအမျိုးသား (၂) ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသဖြင့် ဦးဌေးစိုးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုပြုလုပ်ကာ ရုပ်အလောင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာနေ ဦးကျော်မြင့်(၅၇)နှစ်သည် မွန်းတည့် ၁၂ နာရီခွဲခန့်၌ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်စဥ် ကျောင်းမုခ်ဦးအဝင်ပေါက်အရောက် အမည်မသိအမျိုးသား (၃) ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်းတည့် ၁၂ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဦးဝင်းအောင်ဌေး(၄၃) နှစ်သည် ၎င်းပိုင် Light Truck ကားဖြင့် တစ်ရွာတည်းနေ အမျိုးသားတစ်ဦး၏ ထော်လာဂျီအားပြုပြင်ရန် တောင်သာ-နွားထိုးကြီးသွားကားလမ်းအတိုင်း မောင်းနှင်လာစဥ် အမည်မသိအမျိုးသား (၂) ဦးက တားဆီးရပ်တန့်ခိုင်းပြီး ဦးဝင်းအောင်ဌေးအား သေနတ်ဖြင့်ပစ်ခတ်၍ Light Truck ကားအား ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းအောင်ဌေးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက် ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here