ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ တစ်ကြိမ်ရောက်ရှိနိုင်

0
192

ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လာမည့် ဩဂုတ်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နိုင်သည့် ရာသီဥတုအခြေအနေကို ခန့်မှန်ထားခြင်းဖြစ်ပြီး အနောက်တောင်မုတ်သုံလေသည်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနေနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၃) ရက်မှ (၂၉)ရက်ခန့်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း)၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၂)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၉)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဇူလိုင်လ (၂၈)ရက် နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပြီး ယနေ့မြန်မာစံတော်ချိန် (၅)နာရီခွဲ အချိန်တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဒေါ့ဆူရီ”(Doksuri)သည် မြောက် – အနောက်မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း တရုတ်နိုင်ငံ၊ ဖူဂျီအန်(Fujian)ပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလကခန့်မှန်းထား သည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here