မီရှဲလ်ယိုနှင့် ဖေရာရီ စီအီးအိုဟောင်းတို့ လက်ထပ်ထိမ်းမြား

0
226

အော်စကာဆုရ မလေးရှားနိုင်ငံဖွား မင်းသမီးကြီး မီရှဲလ်ယိုသည် နှစ်အတော်ကြာ လက်တွဲလာခဲ့သော ဖေရာရီ (Ferrari)ကားကုမ္ပဏီ၏ စီအီးအိုဟောင်း ဂျန် တို့ဒ်နှင့် လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယိုနှင့် တို့ဒ်တို့သည် ဇူလိုင်လ ၂၇ ရက် ကြာသပတေးနေ့တွင် လက်ထပ်ပွဲအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ သိုသိုသိပ်သိပ်ဖြင့် အကျဉ်းရုံး၍ လက်ထပ်ခဲ့ကြသည်။ စေ့စပ်ပြီး ၁၉ နှစ်အကြာမှ ယခုကဲ့သို့ လက်ထပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါသတင်းသည် ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား ဖိလစ်ပေ မက်ဆာက မင်္ဂလာပွဲမှ ဓာတ်ပုံအချို့ကို အင်တာနက်ပေါ်တွင် မျှဝေလာပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မက်ဆာသည် မင်္ဂလာပွဲသို့ လာရောက်သူများ၏ စားပွဲများပေါ်၌ တင်ထားသော မီရှဲလ်ယိုနှင့် တို့ဒ်တို့၏ ဆက်ဆံရေးအကြောင်း ရေးထားသည့် ကတ်တစ်ခုကိုပါ မျှဝေခဲ့သည်။

“၂၀၀၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ရှန်ဟိုင်းမြို့မှာ ငါတို့ စတွေ့ခဲ့ကြတယ်၊ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ တို့ဒ်က ယိုကို လက်ထပ်ခွင့်တောင်းတော့ ယိုကလည်း လက်ခံခဲ့တယ်လေ။ လက်ထပ်ခွင့်တောင်းပြီး ၆၉၉၂ ရက်အကြာ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့မှာ ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ဒီထူးခြားတဲ့ မင်္ဂလာပွဲလေးကို ကျင်းပခွင့်ရတာ အရမ်းပျော်ပါတယ်” ဟု ထိုကတ်ပေါ်တွင် ရေးသားထားသည်။

ယိုနှင့် တို့ဒ်တို့ကမူ မင်္ဂလာပွဲနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခြင်း မရှိသေးပေ။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here