စီးပွားရေးဆိုင်ရာအခြေအနေများကို EuroCham Myanmar နှင့် ကုန်သည်စက်မှုအသင်းချုပ် မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

0
125

နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ EuroCham Myanmar နှင့် UMFCCI မှ တာဝန်ရှိသူများ ဇူလိုင်လ ၂၈ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar မှ CEO ဖြစ်သူ Ms. Karina Ufert နှင့် အဖွဲ့ဝင်များသည် စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

EuroCham Myanmar ၏ အဖွဲ့ဝင်များဖြစ်သော Logistics Sector ၊ စားသောက်ကုန်နှင့် လူသုံးကုန်ကဏ္ဍ၊ လယ်ယာထွက်ကုန်(မျိုးစေ့)၊ ဆိုလာစွမ်းအင်၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍမှလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များက စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ သွင်းကုန်လိုင်စင်များ အချိန်ကြန့်ကြာမှုမရှိဘဲ ရရှိနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး၊ မူဝါဒရေးရာ ကိစ္စရပ်များ၊ လေးစားလိုက်နာမှုရှိသော စီးပွားရေးဝန်းကျင် ဖန်တီးနိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ လျော့နည်းစေရေး၊ ကုန်ကြမ်းတင်သွင်းခွင့်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းမှရောင်းချခွင့်ဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် စပ်လျဥ်း၍ Awareness Seminar များ ကျင်းပပြုလုပ်နိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးချက်များကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍ အသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ်ငန်းကော်မတီများသို့ တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရေး၊ Awareness Seminar အတွက်လည်း အသင်းချုပ်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

EuroCham Myanmar သည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် ဥရောပအခြေစိုက်ကုမ္ပဏီများ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here