ထိုင်း၌ မီးရှူးမီးပန်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကိုးဦးသေ ၁၀၀ ကျော် ဒဏ်ရာရ

0
134

ဘန်ကောက်၊ဇူလိုင် ၂၉

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခုပေါက်ကွဲမှုကြောင့် လူကိုးဦး သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ နေအိမ်အချို့ ပြိုကျပျက်စီးသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

“မီးလောင်မှုကိုတော့ထိန်းလိုက်နိုင်ပါပြီ၊ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ အဆောက်အအုံဟာ ဆောက်လုပ်ဆဲဖြစ်တဲ့အတွက် သံဂဟေဆက်တဲ့နေရာမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်တာလို့ ဆိုပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အချို့သောမီဒီယာများ၌ ယခုဖြစ်စဉ်ကြောင့်သေဆုံးသူ ၁၀ ဦးရှိသည်ဟုဖော်ပြကြသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးကမူ အိမ်ထဲ၌နေနေစဉ် ကျယ်လောင်သောပေါက်ကွဲသံကြားရပြီး အိမ်ပါတုန်သွားကာအိမ်ခေါင်မိုးပါလန်သွားသည်ဟုဆိုသည်။ယင်းနောက် လူအချို့လဲကျနေသည်ကိုလည်းမြင်ခဲ့ရကြောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ လုပ်ငန်းခွင်မတော်တဆဖြစ်မှုများသည် ဖြစ်လေ့ဖြစ်ထရှိသောကိစ္စများဖြစ်ကာ အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှုအားနည်းသည်ဟုလည်းသိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here