တုန့်ပြန်မှုမျိုးစုံရှိ​နေ​သော NLD ပါတီ ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ်အစည်း အဝေးထုတ်ပြန်ချက်

0
215

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးအပါဆုံးပုဂ္ဂိုလ်အဖြစ်ရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြောကြားလိုက်သည်။

ယမန်နေ့ ဇူလိုင် (၂၉) ရက်က ပြုလုပ်သည့် NLD ပါတီ ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယ အကြိမ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နစကအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်တွေ့ဆုံစေခဲ့ကြောင်းသတင်းများထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအကြာတွင် ပြုလုပ်ခဲ့သည့် အ‌စည်းအဝေးမှ အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးအတွက်ကိုလည်း ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း NLD က အဆိုပါ ထုတ်ပြန်ချက်မှတဆင့် ပြောကြားထားသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်ကြောင်းလည်း NLD ပါတီက အသိပေးထားသည်။

NLD ပါတီ၏ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများရှိသလို ထောက်ခံအားပေးမှုများကိုလည်း တွေ့ရသည်။

နစက အာဏာစတင်ထိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ စတင်ကာ NLD ပါတီ ဥက္ကဋ္ဌ လည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းဖြစ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ထိန်းသိမ်းကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ နစက အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည့်အလားအလာရှိနေကြောင်း သုံးသပ်မှုများရှိနေပြီး တစ်ဘက်တွင်လည်း ယင်းသတင်းများအပေါ်ကန့်ကွက်မှုများလည်း ရှိနေသည်။

ထို့အပြင် ဩဂုတ်လ (၁) ရက် နောက်ပိုင်းတွင် ကြားကာလအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်ပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ပါ ပြန်လည်ပါဝင်လာနိုင်သည့်အပြင် ယခင် သမ္မတဟောင်း ဦးသိန်းစိန်ပါ ပြန်လည် ပါဝင်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

တစ်ဖက်တွင်လည်း ဩဂုတ်လ (၁) ရက် ဒုတိယ ဝါဆိုလပြည့်နေ့တွင် နစက အနေဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား (၆၀၀၀) ကျော် ပြန်လွှတ်ပေးမည်ဟု သတင်းထွက်ပေါ်နေပြီး NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ပါ ပြန်လည် လွတ်မြောက်လာနိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် နေပြည်တော်တွင် ထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

NLD ပါတီသည် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ခြင်း မရှိသည့် အတွက် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here